Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြရင်း သွေးချောင်းစီး ပဋိပက္ခတွေ ပိုဆိုးလာလို့ ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံရေး သတိပေးချက် ထုတ်ပြန်

ကြမ်းတမ်းပြီး အဓိကရုဏ်းဆန်တဲ့ သွေးချောင်းစီး ဆန္ဒပြပွဲတွေ အတောမသတ်နိုင်တဲ့နောက် ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးမှာ လုံခြုံရေး သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားလိုက်ရပါတယ်။

ကြမ်းတမ်းပြီး အဓိကရုဏ်းဆန်တဲ့ သွေးချောင်းစီး ဆန္ဒပြပွဲတွေ အတောမသတ်နိုင်တဲ့နောက် ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးမှာ လုံခြုံရေး သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားလိုက်ရပါတယ်။

မြို့တော် ဒါကာမှာတော့ အင်တာနက် ကွန်ရက်တွေ လုံးဝနီးပါး သုံးမရ ဖြစ်နေပြီး ဖုန်းလိုင်း တော်တော်များများလည်း ဆက်သွယ်လို့ မရတော့ပါဘူး။ ဒါကာဟာ ဆန္ဒပြမှုတွေ အပြင်းထန်ဆုံး ပေါ်ပေါက်နေတဲ့ ဧရိယာလည်း ဖြစ်ပါတယ်။

အခု ဆန္ဒပြမှုတွေဟာ အရင်က ဆိုင်းငံ့ထားတဲ့ အစိုးရ အလုပ်အကိုင် အခွင့်ထူး သတ်မှတ်မှု စည်းမျဉ်းတွေကို တစ်ကျော့ပြန် ကျင့်သုံးဖို့ တရားရုံး ဆုံးဖြတ်ချက်ကနေ အစပြုခဲ့ပါတယ်။ အဲဒီ သတ်မှတ်ချက်အရ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ပြန်တွေရဲ့ သားသမီးတွေ၊ အမျိုးသမီးတွေ၊ လူနည်းစု တိုင်းရင်းသားတွေနဲ့ မသန်စွမ်းသူတွေအတွက် အစိုးရ အလုပ်အကိုင် ရာထူးနေရာ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကို သီးသန့် ဖယ်ထားပေးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာသူတွေကတော့ ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုုပ် ရှိတ်ခ်ဟာဆီနာကို အားပေးထောက်ခံသူတွေရဲ့ သားသမီးတွေဟာလည်း အစိုးရ ဝန်ထမ်း နေရာတွေအတွက် တရားဝင် မဟုတ်တဲ့ မျက်နှာသာပေးမှုတွေ ရရှိထားတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ အလုပ်အကိုင် ရာထူးက လစာကောင်းပြီး မျက်နှာပန်းလည်း လှတာကြောင့် ဝန်ထမ်း အများစုက မက်မောကြပါတယ်။

လက်ရှိ အခြေအနေတွေအရ အဲဒီ အစိုးရ အလုပ်အကိုင် ရာထူးတွေ စုစုပေါင်းရဲ့ ထက်ဝက်လောက်ထိဟာ ဥပဒေကြောင့်ရော၊ ဟာဆီနာကို မျက်နှာသာပေးတဲ့ အင်အားစုတွေကြောင့်ပါ သီးခြား ချန်လှပ် ခံထားရသလို ဖြစ်လာတာကြောင့် အဲဒါကို မကျေနပ်တဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တွေက ဒါကာ အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အဲဒီလို အခွင့်ထူးခံ သတ်မှတ်မှုကို ထောက်ခံတဲ့ အင်အားစုတွေနဲ့ ထိပ်တိုက်တွေ့ကြရာက လူအသေအပျောက်တွေပါ ဖြစ်ပွားခဲ့သလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကြားဝင်ထိန်းသိမ်းမှုကလည်း အင်အားသုံး ဖြိုခွင်းမှု ဆန်နေတာကြောင့် ပြဿနာတွေက ပိုဆိုးလာပါတယ်။

အခုအခါ ဘင်္ဂလားဒေ့ရှ်မှာ တက္ကသိုလ်တွေနဲ့ ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားရပြီး အစိုးရက တခြားနည်းလမ်းတွေနဲ့ ညှိနှိုင်းဖို့ မေတ္တာရပ်ခံတာကိုလည်း ဆန္ဒပြ ကျောင်းသားတွေက ပယ်ချခဲ့ပါတယ်။ သွေးမြေကျခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် အခြေအနေတွေဟာ နောက်ပြန်လှည့်လို့ မရတဲ့ အဆင့်ထိ ရောက်သွားပြီဖြစ်ပြီး လိုလားချက်တွေ ပြည့်မြောက်တဲ့ထိ ဆက်လက် တိုက်ပွဲဝင် တောင်းဆိုသွားမယ်လို့ တက္ကသိုလ် ကျောင်းသားတွေက ပြောပါတယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်က အဓိကရုဏ်းတွေမှာ သေဆုံးသူ ၃၂ ဦးထက်မနည်း ရှိခဲ့ပြီးပါပြီ။

ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံရေး သတိပေးချက်တွေ ထုတ်ပြန် ကြေညာပြီးတဲ့နောက် ဒါကာမှာ အစိုးရဝန်ထမ်း တော်တော်များများဟာ အလုပ်ခွင်ကို စွန့်ခွာပြီး အိမ်ပြန်ကုန်ကြပါတယ်။ အစောပိုင်းတုန်းက ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေး ဝန်ကြီးဌာနဟာ ဆန္ဒပြသူတွေ ပိတ်ဆို့မှုကြောင့် ဝန်ထမ်းတွေ အဆောက်အအုံထဲမှာ ပိတ်မိနေခဲ့ပေမယ့် အခုတော့ ဝန်ထမ်းအားလုံး အိမ်ပြန်သွားပြီဖြစ်သလို သတင်းထုတ်လွှင့်မှုတွေလည်း ရပ်ဆိုင်းနေတယ်လို့ ကြေညာသွားပါတယ်။

အစိုးရဟာ ဇူလိုင် ၁၈ ရက်နေ့တုန်းက ဆန္ဒပြမှုတွေကို ထိထိရောက်ရောက် ဖြိုခွင်းဖို့ အားထုတ်ခဲ့ပြီး သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးစေဖို့ အင်တာနက် မြန်နှုန်းတွေကို ဆိုးဆိုးရွားရွား လျှော့ချလိုက်ပါတယ်။ ဒါပေမဲ့ အကိုင်အတွယ် မတတ်တဲ့အခါ အခြေအနေတွေက ပိုဆိုးသွားပြီး ဆန္ဒပြမှုတွေ စတင်လာတဲ့ တလျှောက်မှာ အသေအပျောက် အဆိုးဆုံး နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဇူလိုင် ၁၈ ရက်နေ့မှာ ဆန္ဒပြသူ အရေအတွက် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ပြီး တချို့မီဒီယာတွေကတော့ ၁၉ ဦးထိ များပြားတယ်လို့ ဖော်ပြနေကြပါတယ်။ သေဆုံးသူတွေထဲမှာ ဒေသခံ ဒါကာတိုင်းမ်စ် သတင်းဌာနရဲ့ အသက် ၃၂ နှစ်အရွယ် ဂျာနယ်လစ် တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟာဆီနာက ဆန္ဒပြမှုတွေမှာ သေဆုံးကြတဲ့ ဖြစ်စဉ်တွေကို ရှုတ်ချပြီး လူသတ်မှုမြောက်တယ်လို့ ပြောကြားခဲ့ပေမယ့် ဆန္ဒပြသူတွေကတော့ အဲဒီလူတွေကို အစိုးရကပဲ သတ်နေတာ ဖြစ်တယ်လို့ တုံ့ပြန် စွပ်စွဲပြီး လက်ရှိ သွေးချောင်းစီး ဖြစ်စဉ်တွေ မရပ်သေးသ၍ အစိုးရနဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ ကြေညာထားပါတယ်။

လက်ရှိ အခြေအနေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ သက်တော်ရှည် ဝန်ကြီးချုပ် ဟာဆီနာအတွက် သူ့ရဲ့ အာဏာသက်တမ်းတလျှောက် အပြင်းထန်ဆုံး နိုင်ငံရေး စိန်ခေါ်မှု တစ်ခုလည်း ဖြစ်လာစေပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဆီ ယူရေနီယမ် လောင်စာ ဖြည့်တင်းမှုတွေ စတင်နေပြီလို့ ရုရှား နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Rosatomက ကြေညာခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။