အမေရိကန် ရွေးကောက်ပွဲ မစတင်ခင် နာရီပိုင်း အလိုမှာ မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးကျည် တချို့ကို အင်အားပြ ပစ်ခတ်ခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းတုန်းက မြောက်ကိုရီးယားရဲ့ ဒုံးကျည်တချို့ဟာ အရှေ့ဖက်ကမ်းလွန် ဂျပန်ပင်လယ်ဖက် ပျံသန်းပြီး ရေပြင်မှာ ကျဆင်းခဲ့တယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ပြောပါတယ်။ နျူကလီးယား လက်နက်ပိုင် မြောက်ကိုရီးယားဟာ မကြာသေးခင်ကလည်း စမ်းသပ်ဖူးသမျှ နည်းပညာ အမြင့်ဆုံး၊ အစွမ်းအထက်ဆုံးလို့ ယုံကြည်ရတဲ့ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်စင်းကို စမ်းသပ်ခဲ့ပါသေးတယ်။
တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်က နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကို စောင့်ကြည့်ခဲ့ကြောင်း၊ အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၄၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင်မှာ မြောက်ကိုရီးယားက အခုလိုမျိုး ဒုံးကျည် စမ်းသပ်မှုတွေကို လုပ်ဆောင်ပြနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီး မြောက်ကိုရီးယားရဲ့ ICBM ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ အင်အားကြီးမားတဲ့ လေတပ်ပူးပေါင်း လေ့ကျင့်မှု အစီအစဉ် တစ်ခုကို အကောင်အထည် ဖော်ခဲ့ပါတယ်။
အဲဒီ အစီအစဉ်မှာ အမေရိကန်ရဲ့ B-1B မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ၊ တောင်ကိုရီးယားရဲ့ F-15Kနဲ့ KF-16 တိုက်လေယာဉ်တွေ၊ ဂျပန်ရဲ့ F-2 တိုက်လေယာဉ်တွေ ပူးပေါင်းပါဝင် ပျံသန်းခဲ့ပါတယ်။ အဲဒီလို စစ်ရေးလေ့ကျင့်မှုတွေအပေါ် မြောက်ကိုရီးယားဖက်က အင်မတန် ခါးသီးတဲ့ သဘောထားမျိုးရှိပြီး ကျူးကျော်စစ်အတွက် ပြင်ဆင်ခြင်းလို့ စွပ်စွဲတတ်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန် မြှင့်တင်လာခြင်းကလည်း အမေရိကန်နဲ့ကြား တင်းမာမှုတွေကို ပိုမို ဆိုးရွားလာစေပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကတော့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား သုံးနိုင်ငံ လေတပ်တွေ ပူးပေါင်းလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ရန်သူနိုင်ငံတွေက မြောက်ကိုရီးယားအပေါ် အထင်ရှား အမြင်သာဆုံး ပြသလိုက်တဲ့ ရန်လိုမှု တစ်ခုလို့ စွပ်စွဲဝေဖန်သွားခဲ့ပါတယ်။
ကိုးကား: Reuters