မဲရေတွေမှုတွေ အားလုံး ပြီးစီးသွားတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန် ရွေးကောက်ပွဲမှာ ပါတီစွဲ မရှိတဲ့ ကြားပြည်နယ်၊ တစ်နည်းအားဖြင့် အဓိက ပါတီနှစ်ခု အပြိုင်မဲဆွယ် စည်းရုံးကြရာ ပြည်နယ် ၇ ခုစလုံးမှာ အနိုင်ရခဲ့ကြောင်း ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အရီဇိုးနား ပြည်နယ်ရဲ့ မဲရေတွက်မှု အခြေအနေတွေ အားလုံး ပြီးစီးခဲ့တဲ့နောက် ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း ထရမ့်က အနိုင်ရခဲ့တယ်ဆိုတဲ့ ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ထရမ့်ဟာ မဲရေတွက်မှု ပြီးစီးပြီးသား တခြား ကြားပြည်နယ် ၆ ခုမှာလည်း အနိုင်ရထားတာကြောင့် ရွေးကောက်ပွဲမှာ ကြားပြည်နယ် ၇ ခုစလုံး အနိုင်ရခဲ့ခြင်း ဖြစ်လာပါတယ်။
ယေဘုယျ အနေနဲ့ အမေရိကန်ရဲ့ ပြည်နယ် ၅၀ ကို ဒီမိုကရက်တစ်ပါတီ အားကောင်းတဲ့ ပြည်နယ်တွေ၊ ရီပတ်ဘလစ်ကန် အားကောင်းတဲ့ ပြည်နယ်တွေနဲ့ ကြားပြည်နယ်တွေလို့ သုံးစု ခွဲခြားနိုင်ပါတယ်။ ထရမ့်ဟာ အစဉ်အလာအရ ရီပတ်ဘလစ်ကန်တွေ အသာရတဲ့ ပြည်နယ် အားလုံးမှာရော၊ ကြားပြည်နယ် ၇ ခုစလုံးမှာပါ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲတွေကို ကြည့်မယ်ဆိုရင် သမ္မတလောင်း တစ်ဦးဟာ ကြားပြည်နယ် အနည်းဆုံး ၄ ခုလောက်မှာ အနိုင်ရဖို့ မဖြစ်မနေ လိုအပ်တာကို တွေ့နိုင်ပါတယ်။
အမေရိကန်မှာ ပြည်နယ်အလိုက် ခွဲတမ်း သတ်မှတ်ထားတဲ့ ရွေးကောက်ပိုင်ခွင့် ကိုယ်စားလှယ်လောင်းနေရာ ၂၇၀ အထက် ရရှိသူဟာ ရွေးကောက်ပွဲ အနိုင်ရပြီး သမ္မတ နေရာကို ဆက်ခံနိုင်မှာပါ။ ထရမ့်ဟာ အဲဒီ ခွဲတမ်းနေရာ ၃၁၂ ခုထိ ရရှိခဲ့ပြီး ပြိုင်ဘက် ဟားရစ်ကတော့ ဒီမိုကရက်တစ် အားကောင်းတဲ့ ပြည်နယ်တွေရဲ့ ကိုယ်စားလှယ် အရေအတွက် ၂၂၆ ခုကိုသာ စုစည်းနိုင်ခဲ့ပါတယ်။
ဇန်နဝါရီလကျရင် ရာထူးသက်တမ်း စေ့တော့မယ့် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အရီဇိုးနားမှာ ထရမ့်ကို ပွတ်ကာသီကာ အနိုင်ရခဲ့ဖူးပါတယ်။
အခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာတော့ ထရမ့်ဟာ ပိုအားကောင်းတဲ့ ပုံစံမျိုးနဲ့ ပြန်လာနိုင်ခဲ့တယ်လို့ ဆိုနိုင်ပြီး ဘိုင်ဒန်နဲ့ ဒုတိယ သမ္မတ ဟားရစ်တို့ အပါအဝင် ဒီမိုကရက်တစ် ပါတီအတွက်တော့ နာကျင်စရာ အခြေအနေတွေကို ဖြတ်သန်းခဲ့ရပါတယ်။
ရီပတ်ဘလစ်ကန်တွေဟာ ပါတီကိုယ်စားပြု သမ္မတလောင်းကို ရွေးချယ် တင်မြှောက်ခွင့် ရတော့မယ့်အပြင် အထက်လွှတ်တော် ရွေးကောက်ခံ အမတ် အရေအတွက်မှာလည်း ဒီမိုကရက်တစ်တွေအပေါ် အင်အား အသာစီး ရခဲ့ပါတယ်။ ဒါ့အပြင် အောက်လွှတ်တော် ရွေးကောက်ခံ အမတ်တွေရဲ့ မဲတွေကို ဆက်လက် ရေတွက်နေရာမှာလည်း ရီပတ်ဘလစ်ကန်တွေက အသာစီး အင်အားစု ဖြစ်လာဖို့ အရမ်း အလားအလာ ကောင်းနေပါတယ်။ အောက်လွှတ်တော်ကို အသာစီးယူ ထိန်းချုပ်ဖို့ ရွေးကောက်ခံ အမတ် ၂၁၈ နေရာ လိုအပ်ရာမှာ ရီပတ်ဘလစ်ကန်တွေက ၂၁၃ နေရာ သေချာပေါက် ရထားပြီး ရေတွက်ဆဲ မဲတွေမှာလည်း အခြေအနေ ကောင်းနေပါတယ်။
တကယ်လို့သာ အိမ်ဖြူတော်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့ အားလုံးကို ရီပတ်ဘလစ်ကန် အင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်း ၄ နှစ်တုန်းကထက်တောင် ပိုပြီး အဟန့်အတားနည်းတဲ့ လုပ်ပိုင်ခွင့်မျိုးတွေ ရရှိလာမယ့် သဘောလည်း ဖြစ်ပါတယ်။
ကိုးကား: AFP