ဗြိတိန်နိုင်ငံလုပ် တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းက ရုရှားပိုင်နက် အတွင်းပိုင်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်း စစ်တပ်ဟာ အရင်တုန်းက နိုင်ငံပိုင်နက်ထဲမှာပဲ အသုံးပြုခွင့် ရနေခဲ့တဲ့ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှားပိုင်နက်ထဲထိ တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအကြာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဗြိတိန်လုပ် ဒုံးကျည်တွေကိုပါ အလားတူ အသုံးချလာခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်က ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်ထဲက စစ်ရေးပစ်မှတ်တွေကို ယူကရိန်းက တိုက်ခိုက်ခြင်းဟာ စစ်ပွဲကာလတလျှောက် ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။
မူလက အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့ပေးထားပေမယ့် ယူကရိန်း ပိုင်နက်ထဲက ရုရှားတပ်တွေကို ပစ်မှတ်ထားဖို့ပဲ အသုံးပြုရမယ်လို့ ကန့်သတ်ထားခဲ့ပါတယ်။ အခုသီတင်းပတ်မှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အဲဒီ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးခဲ့ပြီး ဗြိတိန်ကလည်း တူညီတဲ့ လမ်းစဉ်ကို လိုက်ပါခဲ့ပါတယ်။
အဲဒီနှစ်နိုင်ငံဆီက ခွင့်ပြုချက်တွေ ရပြီးတာနဲ့ ယူကရိန်းကလည်း အမေရိကန်နဲ့ ဗြိတိန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို ရုရှားနိုင်ငံ အတွင်းပိုင်းက စစ်ရေးပစ်မှတ်တွေဆီ ချိန်ရွယ် ပစ်ခတ်မှု စတင်ခဲ့တာပါ။
ရုရှား စစ်ရေး blogတွေက ကာ့စ်ခ်ဒေသထဲမှာရှိတဲ့ မာရီနို ကျေးရွာက စစ်ရေးကွပ်ကဲမှု ဌာနလို့ ယူဆရတဲ့ ပစ်မှတ်နေရာကို ဒုံးကျည် ၁၂ စင်းလောက် ထိမှန်ခဲ့ကြောင်း မှတ်တမ်းဗီဒီယိုကို ဖော်ပြခဲ့ပြီး ဒါဟာ ရုရှားပိုင်နက်ထဲမှာ ဗြိတိန်လုပ် Storm Shadow ဒုံးကျည်တွေနဲ့ ပထမဆုံး တိုက်ခိုက်ခံရမှုလို့ မှတ်ချက် ပေးခဲ့ပါတယ်။ ယူကရိန်း သတင်းဌာနတွေကတော့ တိုက်ခိုက်ခံရတဲ့ စစ်စခန်းမှာ ရုရှားနဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားကို ကူညီဖို့အတွက် စစ်သည် သောင်းနဲ့ချီ ပို့ဆောင်ထားပြီး အဲဒီထဲက အများအပြားဟာ ကာ့စ်ခ်ဒေသမှာ ဖြန့်ကျက်ထားကြောင်း အမေရိကန်နဲ့ ယူကရိန်းတို့က စွပ်စွဲ ပြောကြားထားပါတယ်။
ဗြိတိန်ဟာ Storm Shadowတွေကို ရုရှားပိုင်နက်ထဲထိ ဆင်နွှဲမယ့် စစ်ဆင်ရေးတွေအတွက် ယူကရိန်းကို အသုံးချခွင့် ပေးထားပြီ ဆိုတာကို တရားဝင် မကြေညာသေးပေမယ့် ကာကွယ်ရေး ဝန်ကြီး ဂျွန်ဟေလီကတော့ ယူကရိန်း စစ်ပွဲရဲ့ ပြောင်းလဲဖြစ်ပျက်မှုတွေအပေါ် အကြောင်းပြုပြီး ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေကိုလည်း ပြန်လည် ဆန်းစစ်ရမယ်လို့ အစောပိုင်းတုန်းက အရိပ်အမြွက် မှတ်ချက် ပေးခဲ့ဖူးပါတယ်။
Storm Shadowတွေဟာ လေယာဉ်တွေကနေ ပစ်ခတ်ရတဲ့ မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်တွေဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၅၅၀ လောက်ထိ ပျံသန်းနိုင်စွမ်း ရှိပေမယ့် ယူကရိန်းကို ထောက်ပံ့ထားတဲ့ အမျိုးအစားတွေမှာတော့ ခရီးတာကို ကီလိုမီတာ ၃၀၀ ဝန်းကျင်သာ ရောက်နိုင်အောင် ကန့်သတ်ထားတယ်လို့ ယုံကြည်ရပါတယ်။
တစ်ဖက်မှာတော့ ရုရှားက နိုင်ငံပိုင်နက်ထဲ အမေရိကန်နဲ့ ဗြိတိန်လုပ် ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်တာ ခံလာရရင် NATO အဖွဲ့တစ်ခုလုံး ယူကရိန်း စစ်ပွဲမှာ တိုက်ရိုက် ပါဝင် စွက်ဖက်လာတယ်လို့ သဘောထားမယ်လို့ သတိပေးထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ NATOက ပူတင်ရဲ့ စကားကို ပယ်ချပြီး အခြေအမြစ် မရှိတဲ့ ခြိမ်းခြောက်မှု တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။
ကိုးကား: Guardian