Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နုတ်ထွက်မှာ မဟုတ်ဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ တောင်ကိုရီးယား သမ္မတပြော

ရာထူးကနေ အလျှော့ပေး နုတ်ထွက်ဖို့ အစီအစဉ် မရှိဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောက ပြောကြားလိုက်ပါတယ်။

ရာထူးကနေ အလျှော့ပေး နုတ်ထွက်ဖို့ အစီအစဉ် မရှိဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောက ပြောကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံးကို အထိတ်တလန့် ဖြစ်သွားစေခဲ့တဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် သမ္မတယွန်ဟာ ဘက်ပေါင်းစုံ ဖိအားတွေကို ကြုံတွေ့နေရပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက ကြေညာခဲ့တဲ့ အဲဒီ စစ်အုပ်ချုပ်ရေး အမိန့်ဟာ ပြည်သူတွေရဲ့ ဆန့်ကျင်မှု၊ အတိုက်အခံတွေ ဦးဆောင်တဲ့ လွှတ်တော် အမတ်တွေ စုဝေးပြီး မဲပေးဆုံးဖြတ် ပယ်ချမှုတွေကြောင့် ကြေညာပြီး ၆ နာရီ အကြာမှာပဲ ပျက်ပြယ်ခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ယွန်ဟာ ဘက်ပေါင်းစုံ ဖိအားတွေကို ကြုံနေရပြီး အကြီးအကျယ် ဘေးကျပ်နံကျပ် ဖြစ်လာနေပါတယ်။ ဒီမိုကရက်တစ်ပါတီ ဦးဆောင်တဲ့ အတိုက်အခံတွေက သူ့ကို လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းပြီး ဖယ်ရှားပစ်ဖို့ ကြိုးစားနေသလို အာဏာရ ပြည်သူ့စွမ်းအား ပါတီကလည်း ယွန်ကို ရာထူးက နုတ်ထွက်ပေးဖို့ တရစပ် ဖိအားပေးနေပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်ချုပ်ရေး ကြေညာမှုမှာ ယွန်ကို အလိုတူ အလိုပါ ကူညီခဲ့ကြောင်း စွပ်စွဲခံရတဲ့ အစိုးရ ထိပ်တန်း အရာရှိ တချို့ဟာ ရာထူးက နုတ်ထွက်ရတာ၊ ဖမ်းဆီးခံရတာတွေ ကြုံတွေ့နေပါတယ်။

Public Service Announcement

Public Service Announcement

ယွန်ဟာ သူ့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်နဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ပြည်သူလူထုကို တောင်းပန်ခဲ့တာကလွဲရင် တောက်လျှောက်နီးပါး နှုတ်ဆိတ်နေခဲ့ရာက ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

သူက စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာပြီး လွှတ်တော် နိုင်ငံရေး အခင်းအကျင်းကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့တယ် ဆိုတာဟာ ဒီမိုကရေစီ ပျက်ယွင်းပြိုကျမှုတွေကို ကာကွယ်ဖို့၊ လွှတ်တော်ကို ကြီးစိုးထားတဲ့ အတိုက်အခံတွေရဲ့ လွှတ်တော်တွင်း အာဏာရှင် စနစ်ကို တန်ပြန်ဖို့အတွက် တရားဝင် ဆုံးဖြတ်ခဲ့တာသာ ဖြစ်တယ်လို့ ယွန်က ဆိုပါတယ်။

သူ့ကို စွပ်စွဲပြစ်တင် အရေးယူဖို့နဲ့ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ပိုမိုကျယ်လောင်လာနေပေမယ့် ယွန်ကတော့ ကိုယ်တိုင် နုတ်ထွက်ပေးမယ့် အလားအလာ မရှိဘူး ဆိုတဲ့သဘောမျိုး ထုတ်ပြောသွားခဲ့ပါတယ်။

သူ့ကို စွပ်စွဲပြစ်တင်တာပဲဖြစ်ဖြစ်၊ စုံစမ်းစစ်ဆေးမှု ခံရတာပဲဖြစ်ဖြစ် ကြံ့ကြံ့ခံ ရပ်တည်မှာဖြစ်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ယွန်က ဆိုပါတယ်။ သူ့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ နိုင်ငံတော် ပုန်ကန်မှုမြောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ယွန်က ခါးခါးသီးသီး ငြင်းဆိုသွားပြီး ဒါဟာ နိုင်ငံရေး ပြိုင်ဘက်တွေက သူ့ကို ဖယ်ထုတ်ဖို့အတွက် မှားယွင်းတဲ့ စွပ်စွဲချက်နဲ့ သွေးထိုး လှုံ့ဆော်နေတာသာ ဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။

သူက ရာထူးက နုတ်ထွက်ပေးရေးကို ငြင်းဆိုထားပေမယ့် တရားရေးနဲ့ နိုင်ငံရေးဆိုင်ရာ တာဝန်ယူ တာဝန်ခံရမယ့် ကိစ္စတွေကိုတော့ ရှောင်လွှဲသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အာဏာရ ပါတီကတော့ ယွန်ကို နိုင်ငံခြားရေးနဲ့ ပြည်တွင်းရေးဆိုင်ရာ မူဝါဒတွေမှာ ဦးဆောင် ဆုံးဖြတ်ပိုင်ခွင့် ပေးအပ်တော့မှာ မဟုတ်ဘဲ အစိုးရ လုပ်ငန်းတာဝန်တွေကို ပါတီကသာ အဓိက ကိုင်တွယ်သွားမယ်လို့ ကြေညာထားပါတယ်။

မူလက ပါတီဟာ ယွန်ကို လွှတ်တော်မှာ ပြစ်တင်စွပ်စွဲမှု အဆိုတင်ပြီး ရာထူးက ဖယ်ရှားပစ်ချင်တဲ့ အတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်းဖို့ ငြင်းဆိုထားပြီး ယွန်ကိုယ်တိုင် အသာတကြည် နုတ်ထွက်ပေးဖို့သာ တောင်းဆိုနေခဲ့ပါတယ်။ ဒါပေမဲ့လည်း ယွန်ရဲ့ ဖီဆန်လိုတဲ့ သဘောထားကို တွေ့မြင်ရတဲ့ မိန့်ခွန်းအပြီးမှာတော့ အာဏာရ ပါတီကပါ သမ္မတကို ရာထူးက ဖယ်ရှားရေးကိစ္စ အတိုက်အခံတွေနဲ့ ပူးပေါင်းပြီး မဲပေးသွားဖို့ စဉ်းစားနေကြောင်း လေသံပြောင်းလာခဲ့ပါတယ်။

သမ္မတကို စွပ်စွဲအရေးယူမှု အဆိုတစ်ရပ် လွှတ်တော်မှာ တင်သွင်းပြီး ဖယ်ရှားပစ်ဖို့ မဟုတ်တဲ့ တခြားနည်းလမ်းကို စဉ်းစားခဲ့ကြောင်း၊ ဒါပေမဲ့ အဆင်မပြေခဲ့ကြောင်း၊ အခုတော့ စွပ်စွဲပြစ်တင်မှု အဆိုတင်ပြီး သမ္မတကို လုပ်ငန်းတာဝန်တွေက ဆိုင်းငံ့ထားရေးကသာ ဒီမိုကရေစီနဲ့ နိုင်ငံကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းအဖြစ် ကျန်နေကြောင်း အာဏာရပါတီ အကြီးအကဲ ဟန်ဒေါင်ဟွန်က ပြောပါတယ်။

သမ္မတကို ရာထူးတာဝန်ကနေ ဆိုင်းငံ့ထားနိုင်မယ့် စွပ်စွဲပြစ်တင်မှုအဆို အောင်မြင်ဖို့ဆိုရင် လွှတ်တော် အမတ် ၃၀၀ ထဲက အနည်းဆုံး ၂၀၀ ဟာ ထောက်ခံမဲ ပေးရမှာ ဖြစ်ပါတယ်။ အတိုက်အခံတွေဟာ ၁၉၂ မဲထိ စုစည်းထားနိုင်ပြီး ဖြစ်ပေမယ့် ယွန်ကို ရာထူးကနေ ဖယ်ရှားဖို့ဆိုရင် အာဏာရပါတီ အမတ်တွေရဲ့ ပူးပေါင်းမှုကိုပါ လိုအပ်နေတာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။