သမ္မတရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှု နောက်ဆက်တွဲ အရှုပ်တော်ပုံတွေနဲ့အတူ တောင်ကိုရီးယား အာဏာရ ပါတီ အကြီးအကဲလည်း နုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။
သမ္မတကို အတိုက်အခံ အင်အားစုတွေ ဦးဆောင်ပြီး လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခဲ့တဲ့ ကိစ္စမှာ သူက ပါဝင်ထောက်ခံပြီးတဲ့နောက် အာဏာရ ပြည်သူ့စွမ်းအားပါတီ (PPP)ကို ဆက်လက် ဦးဆောင်နေဖို့ မသင့်တော်ဘူးလို့ ယုံကြည်ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
သမ္မတကို ရာထူးက ဆိုင်းငံ့ပစ်နိုင်တဲ့ အဲဒီ အဆိုတင်မှုကို အစောပိုင်းမှာ ဟန်က ငြင်းဆန်နေခဲ့ပါသေးတယ်။ ဒါပေမဲ့ ရာထူးကနေ အသာတကြည် နုတ်ထွက်ပေးဖို့ PPPရဲ့ တောင်းဆိုမှုကို သမ္မတယွန်က ဖီဆန်ခဲ့တဲ့နောက် ဟန်က ဆုံးဖြတ်ချက်ပြောင်းပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန် မဲပေးမှုမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီနဲ့ ပူးပေါင်းခဲ့ပါတယ်။
အကျိုးဆက် အနေနဲ့ သမ္မတအပေါ် စွပ်စွဲပြစ်တင်မှု အဆိုလည်း အထမြောက်သွားခဲ့ပြီး အခုအခါ ယွန်ဟာ ရာထူးကနေ ဆိုင်းငံ့ခြင်း ခံထားရပါပြီ။ သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ သင့်မသင့် ဆိုတာကိုတော့ လာမယ့် ၆ လအတွင်း အခြေခံ ဥပဒေ ခုံရုံးက စစ်ဆေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဟန်ဟာ တစ်နိုင်ငံလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယွန်ကို ကိုယ်တိုင် တာဝန်ယူ နုတ်ထွက်ဖို့ စည်းရုံးမှု မအောင်မြင်ခဲ့တဲ့နောက် ရွေးချယ်စရာ မရှိတော့ဘဲ အတိုက်အခံတွေနဲ့အတူ သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။
သူ့အနေနဲ့ ဒီရွေးချယ်မှု မဟုတ်တဲ့ လမ်းကြောင်းတစ်ခုကို ပြောင်းလဲပစ်နိုင်စေဖို့ အစွမ်းရှိသမျှ အားထုတ်ခဲ့ပေမယ့် မဖြစ်မြောက်တာကြောင့် စိတ်ပျက်မိတယ်လို့ ဟန်က ဝန်ခံခဲ့ပါတယ်။ တိုးတက်ဖွံ့ဖြိုးပြီး တည်ငြိမ်နေတဲ့ တောင်ကိုရီးယားလို နိုင်ငံမှာ၊ ၂၀၂၄ ခုနှစ်လို ကာလမျိုးမှာ စစ်အုပ်ချုပ်ရေး ထကြေညာခဲ့ခြင်းက လူတိုင်းအတွက် ဘယ်လောက် ဒေါသထွက်ကြ၊ စိတ်ပျက်ကြမလဲ ဆိုတာကို သူသဘောပေါက်ကြောင်းလည်း ဟန်က ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
ယွန်အပေါ် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှု ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သုံးသပ် စစ်ဆေးမှုတွေ စတင်သွားမယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ဟန်ကလည်း ပါတီ အကြီးအကဲ နေရာက နုတ်ထွက်မယ့် ကိစ္စကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
အရင်တုန်းက ဟန်ဟာ ယွန်ရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် ဖြစ်ခဲ့သလို တရားရေး ဝန်ကြီး တာဝန်ကိုလည်း ရယူခဲ့ဖူးပါတယ်။ သူဟာ ဒီဇင်ဘာ ၃ ရက်နေ့က ယွန်ရဲ့ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာမှုနဲ့ ပတ်သက်လို့ ချက်ချင်း ဆန့်ကျင်ခဲ့ပေမယ့်လည်း ယွန်ကို အတိုက်အခံတွေက ရာထူးကနေ ဖြုတ်ချဖို့ ကြိုးစားမှုကနေ ကာကွယ်ပေးခဲ့ပါသေးတယ်။
သမ္မတဟာ ပါတီကိုယ်စားပြု တင်မြှောက်ထားတာ ဖြစ်စေဦးတော့၊ တရားမဝင်တဲ့ အခြေအနေမျိုးနဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာပြီး စစ်တပ်တွေကို ရွေ့လျားစေခဲ့တဲ့ လုပ်ရပ်ဟာ တောင်ကိုရီးယားအပေါ် သစ္စာဖောက်မှုအဖြစ် ယူဆကြောင်း ယွန်က ပြောပါတယ်။
နိုင်ငံရဲ့ အကျိုးကို မျှော်ကိုးပြီး သမ္မတအပေါ် စွပ်စွဲအပြစ်တင်မှုနဲ့ ဖယ်ရှားတာထက် ပိုကောင်းတဲ့ နည်းလမ်းကို သူရှာဖွေခဲ့ကြောင်း၊ ဒါပေမဲ့ အဆုံးမှာတော့ ရှာမတွေ့ခဲ့ကြောင်း၊ သူ့ရဲ့ အားနည်းချက်ကြောင့် ဒီအခြေအနေတွေ ဖြစ်ကုန်တာအတွက် တောင်းပန်လိုကြောင်းလည်း ဟန်က ဆိုပါတယ်။
အခုတော့ ဟန်နဲ့ ယွန်ကြားက နိုင်ငံရေး မဟာမိတ် ဆက်ဆံရေးဟာ လုံးဝ ပျက်စီးသွားပြီလို့ သတ်မှတ်နိုင်ပါတယ်။ ယွန်ဟာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချိန်မှာ လွှတ်တော် နိုင်ငံရေး စနစ်ကို ရပ်တန့်စေပြီး အတိုက်အခံ အမတ်တွေကိုသာ မကဘဲ ဟန်ကိုပါ ဖမ်းဆီးဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: Guardian