ဖိလစ်ပိုင် ကမ်းလွန်ရေပြင်ဆီ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ အကြီးဆုံး သင်္ဘောကြီးကို စေလွှတ်ထားတာနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ခြိမ်းခြောက်မှုဆန်တဲ့ လုပ်ရပ်တစ်ခုလို့ ဖိလစ်ပိုင်ဖက်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။
၁၆၅ မီတာ ရှည်လျားတဲ့ တရုတ် ကမ်းခြေစောင့်ရေယာဉ် အမှတ် ၅၉၀၁ ဟာ တောင်တရုတ် ပင်လယ်ထဲက တရုတ်-ဖိလစ်ပိုင် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ ကမ်းဝေး သောင်ခုံကျွန်း တဝိုက်မှာ ရှိနေပြီး ဖိလစ်ပိုင် ငါးဖမ်းလှေတွေကို ဗိုလ်ကျ ခြိမ်းခြောက်နေတယ်လို့ ဖိလစ်ပိုင်က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အမေရိကန်ရဲ့ ဒေသတွင်း မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ်တို့ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းအခုံ ကိစ္စကို အကြောင်းပြုပြီး တင်းမာမှုတွေ ဆက်တိုက် မြင့်တက်လာခဲ့ပါတယ်။
ဖိလစ်ပိုင်က တရုတ် ကမ်းခြေစောင့်ရေယာဉ် ၅၉၀၁ ဟာ ကမ်းရိုးတန်းအလွန် ရေမိုင် ၂၀၀ ထိ ဖိလစ်ပိုင်က အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်ကို အခုလထဲမှာ စတင် ဝင်ရောက်ခဲ့ကြောင်း၊ အဲဒီ ရေယာဉ်ကို ဖိလစ်ပိုင် အနောက်ပိုင်း ဇမ်ဘာလက်စ် ကမ်းလွန် ၁၄၃ ကီလိုမီတာ အကွာမှာ နောက်ဆုံး တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement
ဖိလစ်ပိုင် အမျိုးသား လုံခြုံရေး ကောင်စီရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျိုနသန် မာလာယာက Monster Shipလို့ ခေါ်ဝေါ်လေ့ရှိတဲ့ အမှတ် ၅၉၀၁ ရေယာဉ် အပါအဝင် တရုတ် ကမ်းခြေစောင့် သင်္ဘောတွေအားလုံး ဖိလစ်ပိုင်ကမ်းလွန် အထူးစီးပွားရေးဇုန် သတ်မှတ် ရေပြင်ကနေ ချက်ချင်း ဆုတ်ခွာပေးဖို့ ထပ်လောင်း တောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။
သူက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ရှိနေတဲ့ စကာဘရော့ ကမ်းဝေး သောင်ခုံကျွန်း တဝိုက်မှာ ရှိနေတဲ့ ဖိလစ်ပိုင် ငါးဖမ်းလှေတွေဟာ ရေယာဉ် ၅၉၀၁ ရဲ့ တည်ရှိမှုကြောင့် မလုံမခြုံ ခံစားရကြောင်း ပြောပါတယ်။ နောက်ပြီး Monster Shipဟာ ဖိလစ်ပိုင် ငါးဖမ်းလှေတွေအပေါ် အတိအလင်း ရန်လိုတဲ့ အပြုအမူတွေ ပိုပြီး ထင်ထင်ရှားရှား ပြသလာနေတယ်လို့လည်း မာလာယာက စွပ်စွဲခဲ့ပါတယ်။
ဖိလစ်ပိုင် ကမ်းလွန်မှာ တရုတ် ကမ်းခြေစောင့်လှေတွေ ရှိနေတာဟာ တရားမဝင်သလို လက်ခံနိုင်စရာလည်း မရှိကြောင်း၊ ဒါဟာ ခြိမ်းခြောက်ရန်စတဲ့ အပြုအမူ တစ်ခုသာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ တရုတ် သံရုံးကတော့ တရုတ်ဖက်မှာ ဟွာကျန်တောင်လို့ ခေါ်ဝေါ်တဲ့ အဲဒီ ကမ်းဝေး သောင်ခုံကျွန်း တဝိုက် တရုတ် ကမ်းခြေစောင့်တပ်ရဲ့ လှုပ်ရှားမှုဟာ ဥပဒေနဲ့ ကိုက်ညီပြီး တိကျမှန်ကန်တဲ့ အကြောင်းတရားမျိုး ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စကာဘရော့ သောင်ခုံကျွန်းကို ၂၀၁၂ မှာ ကတည်းက တရုတ်က ထိန်းချုပ်ထားခဲ့တဲ့နောက် အဲဒီကျွန်း တဝိုက်မှာ တရုတ် ရေယာဉ်တွေ မကြာခဏ ကင်းလှည့်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်တွေနဲ့ အနီးကပ် ရင်ဆိုင်တွေ့မှုတွေ မကြာခဏ ဖြစ်ရာက နှစ်ဖက် ပဋိပက္ခတွေ ပိုမို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးနီးပါးကို ပိုင်နက်အဖြစ် သိမ်းသွင်း သတ်မှတ်ချင်တာကြောင့် ဖိလစ်ပိုင်သာ မကဘဲ တခြားဒေသတွင်း နိုင်ငံတချို့နဲ့ပါ ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ကိုးကား: AP
