ကမ္ဘာအရပ်ရပ်ကို အရေးပါတဲ့ အသက်ကယ် ဆေးဝါးတွေ ဖြန့်ဝေပေးနေမှုကို ချက်ချင်း ရပ်တန့်စေဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကြောင့် လူ့အသက်ပေါင်းများစွာအတွက် စိုးရိမ်စရာ အခြေအနေတွေ ကြုံလာရပါတယ်။
ထရမ့်ဟာ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ကနေတဆင့် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံ အများအပြား အပါအဝင် ကမ္ဘာအနှံ့ကို ပို့ဆောင်ပေးနေတဲ့ HIV၊ ငှက်ဖျားနဲ့ တီဘီဆိုင်ရာ ဆေးဝါးတွေ၊ မွေးကင်းစ ကလေးတွေအတွက် ဆေးဝါး အထောက်အပံ့တွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားထားခဲ့တာဖြစ်ကြောင်း Reuters သတင်းဌာနက လေ့လာခွင့် ရခဲ့တဲ့ ညွှန်ကြားချက် မှတ်တမ်း တစ်ခုအရ အတည်ပြုနိုင်ခဲ့ပါတယ်။
အဲဒီ ညွှန်ကြားချက် မှတ်တမ်းမျိုးဟာ USAIDနဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ မိတ်ဖက် အဖွဲ့အစည်းတွေ၊ ကန်ထရိုက်တာတွေဆီကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ ရောက်ရှိလာခဲ့ပြီး လုပ်လက်စ ကိစ္စတွေ အားလုံး ရပ်ထားဖို့ အသိပေးထားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန် သမ္မတအဖြစ် ဒုတိယအကြိမ်မြောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ချိန် ကတည်းက ထရမ့်ဟာ USAIDရဲ့ အစီအမံနဲ့ နိုင်ငံတကာ ကျန်းမာရေး၊ လူသားချင်း စာနာမှု အထောက်အပံ့တွေ ဖြန့်ဝေ ပေးပို့နေတာကို တစ်ဆင့်ချင်းစီ တင်းကျပ် ပိတ်ပင်လာနေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ကမ္ဘာတလွှားကို အသက်ကယ် ဆေးဝါးတွေ ဖြန့်ဖြူးထောက်ပံ့မှုမှာ USAIDနဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ အကြံပေး လုပ်ငန်းစု Chemonicsဆီကိုလည်း လုပ်ငန်းတွေ ရပ်ထားဖို့ ညွှန်ကြားချက် ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ညွှန်ကြားချက်မှာတော့ HIV၊ ငှက်ဖျား၊ တီဘီ ဆေးဝါးတွေ၊ သန္ဓေတားခြင်းနဲ့ အမျိုးသမီး ဓမ္မတာဆိုင်ရာ ကျန်းမာရေး ပစ္စည်းတွေ၊ ကလေးတွေရဲ့ ကျန်းမာရေး အထောက်အပံ့ ပစ္စည်းတွေ ဖြန့်ဝေမှုနဲ့ ပတ်သက်လို့ Chemonicsရဲ့ လုပ်ဆောင်ချက် အားလုံးကို ခြုံငုံ တားမြစ်ထားကြောင်း USIADရဲ့ သတင်းရင်းမြစ် တစ်ဦးနဲ့ အဲဒီအေဂျင်စီရဲ့ ဝန်ထမ်းဟောင်း တစ်ဦးက သီးခြားစီ အတည်ပြုခဲ့ပါတယ်။
USAIDရဲ့ ကမ္ဘာ့ကျန်းမာရေး ဌာနခွဲ အကြီးအကဲဟောင်း အေတူလ် ဂေါ်ဝါဒီကတော့ ဒီကိစ္စဟာ ကပ်ဆိုက်ခြင်းပဲလို့ ဝေဖန် မှတ်ချက် ပေးသွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ HIVရောဂါပိုး ရှိသူ သန်း ၂၀ လောက်ဟာ ထောက်ပံ့ လှူဒါန်းထားတဲ့ ဆေးဝါးတွေကို မှီခို အသက်ရှင်နေပေမယ့် ဒီနေ့မှာတော့ အဲဒီ ဆေးဝါးတွေ ထောက်ပံ့မှု ရပ်တန့်သွားပြီလို့ ဂေါ်ဝါဒီက ပြောပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ Chemonicsနဲ့ USAIDတို့က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး Reutersရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် တုံ့ပြန်တာ မရှိသေးပါဘူး။
ထရမ့်ရဲ့ အမိန့်ဟာ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်က ထောက်ပံ့တဲ့ ရန်ပုံငွေတွေကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားစေတာဖြစ်ပြီး အဲဒီ အတောအတွင်း အမိန့်နဲ့ ပတ်သက်တဲ့ အကျိုးအပြစ်တွေကို သုံးသပ်လေ့လာပြီး ပြန်လည် တင်ပြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ထရမ့်ဦးဆောင်တဲ့ အမေရိကန် အစိုးရဟာ USAIDရဲ့ အကြီးတန်း အရာရှိ ၆၀ လောက်ကိုလည်း ခွင့်ယူခိုင်းထားလိုက်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ထရမ့်ဟာ ကမ္ဘာပေါ်မှာ လူသားချင်း စာနာမှုဆိုင်ရာ အလှူငွေတွေ အရက်ရောဆုံး ထောက်ပံ့နေတဲ့ အမေရိကန်ရဲ့ ရပ်တည်မှုကို ပြောင်းလဲဖို့ စီစဉ်နေပါတယ်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဟာ ဒေါ်လာ ၇၂ ဘီလီယံဖိုး အလှူငွေတွေ ထောက်ပံ့ခဲ့သလို ၂၀၂၄ ခုနှစ် နိုဝင်ဘာလထိ စာရင်းတွေအရ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှု လုပ်ငန်းတွေ အားလုံးရဲ့ ၄၂ ရာခိုင်နှုန်းအတွက် ငွေကြေးပံ့ပိုးခဲ့ကြောင်း သိရပါတယ်။
ထရမ့်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ နေ့မှာပဲ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကနေ အမေရိကန်ကို နုတ်ထွက်စေတဲ့ အမိန့်ကိုပါ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။
ကိုးကား: Reuters
