ဂါဇာ ကမ်းမြှောင်ဒေသကို အမေရိကန်က ဝင်ရောက် ထိန်းချုပ်ထားဖို့ ဆန္ဒရှိကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ တွေ့ဆုံပြီးချိန်မှာ ပြောကြားခဲ့ပါတယ်။
နေတန်ညာဟုဟာ ထရမ့်ရဲ့ အမေရိကန် သမ္မတ ပထမ သက်တမ်းမှာ ကတည်းက သူ့ရဲ့ အနီးကပ်ဆုံး မဟာမိတ် ဖြစ်ခဲ့သလို လက်ရှိ ဒုတိယ သက်တမ်းမှာလည်း အိမ်ဖြူတော်ကို လာရောက်တဲ့ ပထမဆုံး ပြည်ပနိုင်ငံ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
ထရမ့်က လက်ရှိ ဂါဇာမှာ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားအဖွဲ့ကြား ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ အရေးပါတဲ့ ရှုထောင့်တွေကို နေတန်ညာဟုနဲ့ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် ထရမ့်က အငြင်းပွားစရာအဖြစ် သူအဆိုပြုခဲ့ဖူးတဲ့ ကိစ္စတစ်ခုအဖြစ် ဂါဇာမှာ နေထိုင်သူတွေကို အီဂျစ်နဲ့ ဂျော်ဒန်ဆီ ရွှေ့ပြောင်း နေရာချပေးသင့်ကြောင်းကိုလည်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ ဂါဇာ အရှေ့ပိုင်းမှာရှိတဲ့ အဲဒီ နှစ်နိုင်ငံစလုံးကတော့ ထရမ့်ရဲ့ စိတ်ကူးကို တူးတူးခါးခါး ငြင်းဆိုထားသလို ပါလက်စတိုင်းတွေကလည်း သူတို့ရဲ့ နေရပ်ကို မစွန့်ခွာနိုင်ကြောင်း သဘောထားတွေ ပြသထားပါတယ်။

Public Service Announcement
အခုအခါမှာတော့ ထရမ့်က အမေရိကန်ဟာ ဂါဇာကမ်းမြှောင် ဒေသကို ထိန်းချုပ်မယ်လို့ နေတန်ညာဟုနဲ့အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ ဂါဇာမှာ အမေရိကန်အတွက် လုပ်စရာ ကိစ္စလည်း ရှိကြောင်း၊ ဂါဇာကို အမေရိကန်က ပိုင်ဆိုင်လာမှာဖြစ်ကြောင်း ထရမ့်က ဆက်ပြောပါတယ်။
နေတန်ညာဟုဟာ ဂါဇာမှာ ရန်သူတော် ဟားမားစ်တွေရဲ့ ကြီးစိုးမှု လုံးဝဥဿုံ ဆုံးခန်းတိုင်သွားရေးကို လိုလားနေတာကြောင့် အမေရိကန်က အဲဒီဒေသကို ဝင်ရောက် ထိန်းချုပ်မယ့် ကိစ္စကို လိုလိုလားလား ကြိုဆိုမှာ ဖြစ်ပါတယ်။
ထရမ့်က အမေရိကန်တပ်တွေ ဂါဇာကို ဝင်ရောက် ထိန်းချုပ်ထားတဲ့ အချိန်တွေအတွင်း အပျက်အစီးတွေနဲ့ စစ်ပွဲလက်ကျန် မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ရှင်းလင်းတာမျိုးတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အကျိုးဆက်အဖြစ် ဂါဇာမှာ စီးပွားရေး တိုးတက်လာပြီး အရေအတွက် မြောက်မြားစွာသော အိမ်ရာတွေ၊ အလုပ်နေရာတွေကို ပေါ်ထွက်စေမယ့် စီးပွားရေး ဖွံ့ဖြိုးမှုမျိုးကို ဖန်တီးပေးနိုင်မယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အကျိုးကျေးဇူးတွေကို ခံစားရမယ့် သူတွေဟာ နေရပ်ပြန် ပါလက်စတိုင်းတွေ ဖြစ်လိမ့်မယ်လို့တော့ ထရမ့်က ပြောမသွားပါဘူး။
ထရမ့်ရဲ့ သဘောထားဟာ ဂါဇာအရေးမှာ အမေရိကန်က ထဲထဲဝင်ဝင် စွက်ဖက်ဖို့ လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။ အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းကဆိုရင် အမေရိကန် တပ်တွေဟာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့တဲ့ မစ်ရှင်မှာတောင် ဂါဇာမြေကို မနင်းခဲ့ဘဲ ကမ်းလွန်မှာ ရေပေါ်ဆိပ်ကမ်းတု တည်ဆောက်ပြီး အလုပ်လုပ်ခဲ့ကြတာပါ။
ဘိုင်ဒန်က ဂါဇာလူဦးရေ ၂ သန်းလောက်ဟာ နေရပ်ပြန်မယ့်အစား လူသားချင်း စာနာမှု နှလုံးသားရှိတဲ့ တခြားနိုင်ငံတွေဆီ သွားရောက်သင့်တယ်လို့လည်း ပြောပါတယ်။ တစ်ဖက်မှာတော့ သူကိုယ်တိုင်က အမေရိကန်ကို ခိုလှုံဝင်ရောက်လာတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တဲ့ မူဝါဒတွေကို ချမှတ် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။
နေတန်ညာဟုကတော့ ထရမ့်ဟာ အစ္စရေးနိုင်ငံ ရရှိခဲ့ဖူးသမျှ အကောင်းဆုံး မိတ်ဆွေဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပြီး ထရမ့်အဆိုပြုတဲ့ ဂါဇာ အစီအမံတွေဟာ သမိုင်းကြောင်းကို ပြောင်းလဲပစ်နိုင်သလို အလေးအနက် သဘောထားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အီဂျစ်နဲ့ ဂျော်ဒန်တို့ဟာ ဂါဇာ ဒေသခံတွေ ရွှေ့ပြောင်း အခြေချမှုကို တာဝန်ယူသင့်တယ်ဆိုတဲ့ ထရမ့်ရဲ့ အဆိုကို ငြင်းဆိုထားသလို ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ်ကလည်း ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ခေါင်းဆောင်တွေဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ သဘောထားအပေါ် လေးစားပေးဖို့ လိုကြောင်း သတိပေးခဲ့ပါတယ်။ ဂါဇာမှာတော့ လူထုက ထရမ့်ရဲ့ အစီအစဉ်ကို ဆန့်ကျင် ရှုတ်ချနေပါတယ်။
ဂါဇာမှာ ၁၅ လကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ ဇန်နဝါရီ ၁၉ ရက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုနဲ့အတူ ရပ်တန့်နေခဲ့ပြီး အဲဒီ သဘောတူညီမှုရဲ့ ဒုတိယအဆင့် အကောင်အထည် ဖော်ရေးကို ဖေဖော်ဝါရီ ၄ ရက်မှာ စတင် ဆွေးနွေးမယ်လို့ ဟားမားစ်တွေက ဆိုပါတယ်။ ကနဦး ညှိနှိုင်းထားမှုအရ ဒုတိယအဆင့် လုပ်ငန်းစဉ်တွေမှာ ဂါဇာရဲ့ ပြန်လည် တည်ဆောက်ရေး၊ ထူထောင်ရေး လုပ်ငန်းစဉ်တွေ အစပြုနိုင်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။
ကိုးကား: AFP
