ဂါဇာ ကမ်းမြှောင် ဒေသကို အမေရိကန် ထိန်းချုပ်မှုအောက် သွတ်သွင်းချင်တဲ့ သူ့စိတ်ကူးဟာ အလေးအနက် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျော်ဒန်ဘုရင်ကို ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့က အိမ်ဖြူတော်မှာ ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာကို လက်ခံ တွေ့ဆုံချိန်မှာ ထရမ့်က အဲဒီလို ပြောဆိုခဲ့တာလို့ သိရပါတယ်။ ထရမ့်ဟာ အစ္စရေး နိုင်ငံနဲ့ မြေထဲပင်လယ်ကြားမှာ တည်ရှိပြီး လူဦးရေ ၂.၃ သန်းလောက် နေထိုင်ရာ ရှည်လျား ကျဉ်းမြောင်းတဲ့ ပါလက်စတိုင်း နယ်မြေကို အမေရိကန်က ဝင်ရောက် ထိန်းချုပ်လိုကြောင်း အတိအလင်း ပြောကြားထားဖူးပါတယ်။
အဲဒီ ဒေသမှာ အမေရိကန်ရဲ့ အပန်းဖြေ စီမံကိန်းတွေနဲ့ တခြားဖွံ့ဖြိုးရေး ပရောဂျက်တွေ တည်ဆောက်သွားဖို့ ရည်ရွယ်ကြောင်း ထရမ့်က ဆိုပေမယ့် ဂါဇာမှာ နေထိုင်တဲ့ ပါလက်စတိုင်းတွေကိုတော့ အီဂျစ်နဲ့ ဂျော်ဒန် နိုင်ငံတွေက လက်ခံပေးဖို့ တိုက်တွန်းထားပါတယ်။ အဓိပ္ပါယ်ကတော့ အစ္စရေးစစ်တပ်နဲ့ ဟားမားစ် ပြောက်ကျားတွေကြား စစ်ပွဲတွေကြောင့် စစ်ဘေးသင့်ထားတဲ့ ဂါဇာကို ပြန်လည် တည်ဆောက်ပြီးရင် ဒေသခံ ပါလက်စတိုင်းတွေကို နှင်ထုတ်ဖို့ ရည်ရွယ်ထားတဲ့ သဘောပါပဲ။
ဂါဇာကို အမေရိကန်က ထိန်းချုပ်လိုတယ်ဆိုတဲ့ ထရမ့်ရဲ့ စိတ်ကူးဟာ အရှေ့အလယ်ပိုင်း အာရပ်ဒေသတွင်း နိုင်ငံတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ အရှေ့ အလယ်ပိုင်း ဒေသမှာ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ ဂျော်ဒန်ရဲ့ ဘုရင်ဟာ အမေရိကန်မှာ ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီကိစ္စကို ဆွေးနွေးတဲ့အခါ ထရမ့်က ဂါဇာကို အမေရိကန် ထိန်းချုပ်မယ့် သူ့စိတ်ကူးကို ထပ်လောင်း အတည်ပြုခဲ့တာပါ။

Public Service Announcement
အက်ဘ်ဒူလာ ဘုရင်က ဂါဇာကို အမေရိကန် ချုပ်ကိုင်မယ်ဆိုတဲ့ ထရမ့်ရဲ့ သဘောထားအပေါ် အတိအကျ မှတ်ချက်ပေးတာမျိုး မရှိခဲ့ပေမယ့် ဒေသခံ ပါလက်စတိုင်းတွေ ဂါဇာကနေ ရွှေ့ပြောင်းရမယ်ဆိုတဲ့ အခြေအနေ အားလုံးကို ဆန့်ကျင်တဲ့ ဂျော်ဒန်ရဲ့ ရပ်တည်ချက်ကိုတော့ သေသေချာချာ ပြသခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ထရမ့်ကတော့ ဆန့်ကျင်မှုတွေ ရှိနေတဲ့တိုင်အောင် ဂါဇာကို အမေရိကန်က ထိန်းချုပ်မယ်ဆိုတဲ့ စိတ်ကူးကို ဆုပ်ကိုင်ထားဆဲ ဖြစ်ကြောင်း အက်ဘ်ဒူလာ ဘုရင်နဲ့ အိမ်ဖြူတော်၊ ဘဲဥပုံ ရုံးခန်းထဲ တွေ့ဆုံချိန်မှာ ပြောကြားသွားခဲ့ပါတယ်။
အက်ဘ်ဒူလာ ဘုရင်ကတော့ ဂါဇာပြန်လည် တည်ဆောက်ရေး ကိစ္စမှာ လူတိုင်းအတွက် အဆင်ပြေ သင့်လျော်မယ့် ရွေးချယ်မှုတွေကို လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ နိုင်ငံဟာ နာမကျန်း ဖြစ်နေတဲ့ ပါလက်စတိုင်း ကလေးငယ် ၂၀၀၀ ကို လက်ခံ စောင့်ရှောက်ပေးဖို့ အသင့်ရှိနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ပါလက်စတိုင်း ဒုက္ခသည်တွေကို လက်ခံဖို့ တိုက်တွန်းတာ ခံထားရတဲ့ အီဂျစ် နိုင်ငံကတော့ ဂါဇာ ဒေသခံတွေကို ဖယ်ရှားပစ်မယ့် ဘယ်ကိစ္စမျိုးကိုမှ သဘောတူမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။
ကိုးကား: ABC
