ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုဟာ အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စွဲချက်တင်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတဖြစ်သူ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားကို အရေးနိမ့်ခဲ့ပြီးတဲ့နောက် ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ဘဲ အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်လို့ အစိုးရ ရှေ့နေချုပ်က စွဲချက်တင်ခဲ့တာပါ။
အသက် ၆၉ နှစ်အရွယ် ဘော်လ်ဆိုနာရိုဟာ လူလာကို သမ္မတ ဖြစ်ခွင့်မရအောင် တားဆီးပိတ်ပင်ဖို့ ကြံစည်ခဲ့တာ အပါအဝင် စုစုပေါင်း စွဲချက် ၅ ခုနဲ့ ရင်ဆိုင်နေရပါတယ်။
စွဲချက်တွေထဲမှာတော့ ဘော်လ်ဆိုနာရိုဟာ လူလာကို အဆိပ်ခတ်ပြီး တရားရုံးချုပ် တရားသူကြီး အလက်ဇန္ဒား ဒီမိုရေးကို ပစ်သတ်ဖို့ထိ ကြံစည်ထားခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
ဒါပေမဲ့ ဘော်လ်ဆိုနာရိုကတော့ သူဟာ ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ တုံ့ပြန်ထားသလို နိုင်ငံရေးအရ လုပ်ကြံပြစ်တင်မှုတွေရဲ့ သားကောင်ဘဝ ရောက်နေရတာသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အခုအခါ အစိုးရ ရှေ့နေချုပ် တင်သွင်းတဲ့ စွဲချက်တွေကို တရားရုံးချုပ်က လေ့လာ စိစစ်မှာဖြစ်ပြီး အတည်ပြု လက်ခံမယ် ဆိုရင်တော့ ဘော်လ်ဆိုနာရိုအပြင် နောက်ထပ် ၃၃ ဦးကို စစ်ဆေးမယ့် တရားခွင် အစပြုနိုင်မှာ ဖြစ်ပါတယ်။
ဘော်လ်ဆိုနာရိုဟာ နိုင်ငံရဲ့ ဒီမိုကရေစီအပေါ် အပုပ်ချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက်လည်း ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကနေ ၈ နှစ် တားမြစ်ပိတ်ပင်ခြင်း ခံထားရပါတယ်။ သူဟာ ၂၀၂၂ ရွေးကောက်ပွဲဟာ ဆိုက်ဘာ တိုက်ခိုက်မှုတွေနဲ့ မဲလိမ်မှုတွေ ကြုံခဲ့တယ်လို့ အထောက်အထားမဲ့ စွပ်စွဲခဲ့တဲ့နောက် အဲဒီအခြေအနေနဲ့ ကြုံခဲ့ရတာပါ။
၂၀၂၂ ရွေးကောက်ပွဲဟာ ပြိုင်ဘက်နှစ်ယောက်ကြား အရမ်းခါးသီးတဲ့ အခြေအနေမျိုးနဲ့ အားပြိုင်မှု ဖြစ်ခဲ့ပြီး အဲဒီတုန်းက လက်ရှိသမ္မတ ဘော်လ်ဆိုနာရိုကို အတိုက်အခံ ညွန့်ပေါင်း အင်အားစုရဲ့ ခေါင်းဆောင် လူလာက ပွတ်ကာသီကာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်လို့ ဘယ်တုန်းကမှ လူသိရှင်ကြား ဝန်ခံခြင်း မရှိတဲ့အပြင် လူလာ ကျမ်းသစ္စာ ကျိန်ဆိုမယ့်နေ့ မတိုင်ခင် ၂ ရက်အလိုမှာ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ သူ့ရဲ့ မဟာမိတ် ဒေါ်နယ်လ်ထရမ့်ဆီ အလည်အပတ် သွားရောက်ပြီး ကျမ်းကျိန်ပွဲကို ရည်ရွယ်ချက်ရှိရှိ ရှောင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေက မြို့တော် ဘရာစေလီယာမှာရှိတဲ့ အစိုးရ အဆောက်အအုံတွေကို စီးနင်းခဲ့ပြီး ရဲတွေဟာ ထကြွသောင်းကျန်းသူ ၁၅၀၀ လောက်ကို ဖမ်းဆီးခဲ့ရပါတယ်။ အဲဒီအခြေအနေက လက်ရှိ အစိုးရနဲ့ ဘော်လ်ဆိုနာရိုရဲ့ကြား တင်းမာမှုတွေကို ပိုပြီး ဆိုးရွားသွားစေခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃ လလောက်ကတော့ ဘရာဇီး ဖက်ဒရယ် ရဲတပ်ဖွဲ့ဟာ ဘော်လ်ဆိုနာရိုက အာဏာသိမ်းမှုကို ကြံစည်တဲ့ စုပေါင်းလှုပ်ရှားမှု တစ်ခုမှာ ဦးဆောင် အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ရဲတွေရဲ့ အဆိုအရ ဘော်လ်ဆိုနာရိုနဲ့ ပူးပေါင်းပြီး လူလာ သမ္မတ မဖြစ်အောင် တားဆီးဖို့ ကြံစည်တဲ့ထဲမှာ စစ်ဘက် ထိပ်တန်း အရာရှိ တချို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဘရာဇီး မီဒီယာတွေက တရားရုံးချုပ်ဟာ အစိုးရ ရှေ့နေချုပ်ရဲ့ စွဲချက်တင်မှုတွေကို လက်ခံပြီး အမှုကြားနာတာတွေကို ၂၀၂၅ နှစ်ကုန်ပိုင်းလောက်မှာ စတင်ဖွယ် ရှိတယ်လို့ ဖော်ပြထားကြပါတယ်။
ဘော်လ်ဆိုနာရို စွဲချက်တင်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရကို ထောက်ခံသူတွေကတော့ အောင်ပွဲခံခဲ့ကြပြီး သမ္မတဟောင်းဟာ သေချာပေါက် ထောင်ကျသင့်တယ်လို့ ပြောပါတယ်။ ဘော်လ်ဆိုနာရိုရဲ့ အမာခံ အင်အားစုတွေကတော့ သူ့မှာ တကယ်တမ်း အပြစ်မရှိကြေင်း တုံ့ပြန်ထားပါတယ်။
စွဲချက်နဲ့ ပတ်သက်ပြီး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ လာမယ့်နှစ် ရွေးကောက်ပွဲ အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ မကြာသေးခင်က ကောက်ယူထားတဲ့ စစ်တမ်းတွေမှာတော့ လူလာကို ထောက်ခံမှုဟာ သိသိသာသာ ကျဆင်းလာပါတယ်။ တစ်ဖက်မှာတော့ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခြင်း ခံထားရတဲ့တိုင် ဘော်လ်ဆိုနာရိုဟာ ဩဇာ အကြီးဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်ရှိနေသလို တရားခွင် တက်ရမယ် ဆိုရင်လည်း အဲဒီအခြေအနေကို သူ့ရဲ့ ဝါဒဖြန့်ရေးအတွက် အသုံးချလာနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ကိုးကား: BBC
