Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ တောင်စောင်းကနေ ဘတ်စ်ကား ထိုးကျပြီး ၁၉ ဦး သေဆုံး

ထိုင်းနိုင်ငံမှာ ဘတ်စ်ကားတစ်စီး တောင်စောင်းကနေ ထိုးကျခဲ့ပြီး လူ ၁၉ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပေါ် စုံစမ်းမှုတွေ အလေးအနက် လုပ်ဆောင်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဘတ်စ်ကားတစ်စီး တောင်စောင်းကနေ ထိုးကျခဲ့ပြီး လူ ၁၉ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပေါ် စုံစမ်းမှုတွေ အလေးအနက် လုပ်ဆောင်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံ အလယ်ပိုင်း ပရာချင်ဘူရီမှာရှိတဲ့ နာဒီ ခရိုင်ထဲမှာ ဘတ်စ်ကား မတော်တဆမှု ဖြစ်ခဲ့တာလို့ ပြည်နယ် လမ်းလုံခြုံရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ပရာချင်ဘူရီဟာ မြို့တော် ဘန်ကောက်ကနေ ၃ နာရီလောက် ကားမောင်းသွားရင် ရောက်နိုင်တဲ့ နေရာမှာ တည်ရှိပါတယ်။

ယာဉ်မတော်တဆမှုရဲ့ အကြောင်းရင်းကို တိတိကျကျ စုံစမ်း စစ်ဆေးဖို့ ညွှန်ကြားထားကြောင်း၊ တကယ်လို့ အဲဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ စည်းမျဉ်း ချိုးဖောက်မှုတွေ၊ သတ်မှတ် စံနှုန်းတွေကို မလိုက်နာတဲ့ ကိစ္စတွေ ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိလာမယ်ဆိုရင် ထိရောက်တဲ့ ဥပဒေကြောင်း အရေးယူမှုတွေ လုပ်ဆောင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က ပြောကြားခဲ့ပါတယ်။

ဒေသခံ မီဒီယာတွေရဲ့ အဆိုအရ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၄၇ ယောက်၊ အလှည့်ကျ ယာဉ်မောင်း ၂ ယောက်တို့ လိုက်ပါခဲ့ပြီး ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ မဲခေါင်မြစ်ကမ်းဘေးမှာရှိတဲ့ ဘူယန်ကန် ပြည်နယ်ကနေ စတင်ထွက်ခွာခဲ့တာလို့ သိရပါတယ်။ ဘတ်စ်ကားရဲ့ ဦးတည်ရာက ထိုင်းအရှေ့ပိုင်း ရနောင်းခရိုင်ကို လူထု လေ့လာရေး ခရီးအဖြစ် သွားရောက်ဖို့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မတော်တဆမှု ဖြစ်ခဲ့တဲ့ ဘတ်စ်ကားဟာ ဒေသခံ အုပ်ချုပ်ရေး အရာရှိတွေ လိုက်ပါလာတဲ့ နှစ်ထပ် ဘတ်စ်ကား သုံးစီးထဲက တစ်စီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဘတ်စ်ကားဟာ အရှိန် မထိမ်းနိုင်ရာကနေ တောင်စောင်းအတိုင်း လိမ့်ဆင်းသွားပြီး တိမ်းမှောက်ခဲ့တာပါ။

ရဲတွေနဲ့ မီးသတ် တပ်ဖွဲ့တွေ အပါအဝင် ကယ်ဆယ်ရေးတွေဟာ သေဆုံးသူတွေနဲ့ ဒဏ်ရာရထားသူတွေကို လိုက်လံ ရှာဖွေခဲ့ပြီး နာဒီ ဆေးရုံကို ၁၉ ဦး၊ ကာဘင် ဘူရီ ဆေးရုံကို ၁၃ ဦး ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။

ယာဉ်မတော်မတဆမှု အကြောင်းရင်းကို စုံစမ်းနေစဉ် အတောအတွင်း အခင်းဖြစ်တဲ့ လမ်းပိုင်းကို ယာဉ်အသွားအလာ ယာယီ ပိတ်ထားခဲ့တယ်လို့ ပရာချင်ဘူရီ ပြည်နယ် အစိုးရ ပြည်သူ့ ဆက်ဆံရေးရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းသတင်းဌာန တစ်ခုဖြစ်တဲ့ Kahsodက အခင်းဖြစ်တဲ့ နေရာတဝိုက်ဟာ အရင်ကလည်း ယာဉ်မတော်တဆမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိခဲ့ဖူးတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၄ လလောက်က ဘန်ကောက်မှာ ကျောင်းကားတစ်စီး မီးလောင်ခဲ့တဲ့ ဖြစ်ရပ်အပြီး ထိုင်းမှာ ကြုံဖူးသမျှ အသေအပျောက် အများဆုံး ယာဉ်မတော်တဆမှု ဖြစ်လာပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတုန်းက ကျောင်းသား ၃၉ ယောက်နဲ့ ဆရာဆရာမ ၆ ယောက် လိုက်ပါလာတဲ့ ကျောင်းကားဟာ လေ့လာရေး ခရီးစဉ် တစ်ခုအတွင်း ဘန်ကောက် ဆင်ခြေဖုံးမှာ မီးလောင်ခဲ့တာကြောင့် ကျောင်းသူကျောင်းသား ကလေးငယ် အများစု အပါအဝင် ၂၃ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ စာရင်းတွေအရ ထိုင်းဟာ WHO အဖွဲ့ဝင် ၁၇၅ နိုင်ငံထဲမှာ ၂၀၂၃ ခုနှစ်က ယာဉ်မတော်တဆမှုတွေကြောင့် လူသေမှု အဆိုးဆုံး အဆင့် ၉ နေရာမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။