Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို ကူရင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ အီရန် ခြိမ်းခြောက်

အစ္စရေးကို ကူညီနေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အခြေစိုက် စခန်းတွေနဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

Reuters

အစ္စရေးကို ကူညီနေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အခြေစိုက် စခန်းတွေနဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာ အီရန်နိုင်ငံ အနှံ့မှာ ရှိနေတဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေ၊ စစ်ရေး ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို အီရန်ကလည်း အစ္စရေး မြို့ပြတွေကို ဒုံးကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်နေပြီး အရှေ့အလယ်ပိုင်း ဒေသတွင်းက ခါးသီးရန်ဘက် နှစ်နိုင်ငံကြားမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပေါ်နေပါတယ်။

အီရန်ကို တိုက်ခိုက်တဲ့ အစ္စရေးရဲ့ လုပ်ရပ်မှာ တိုက်ရိုက်ပါဝင်မှု မရှိဘူးလို့ အမေရိကန်က ထုတ်ပြန်ထားပေမယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ မဟာမိတ် အစ္စရေးကို ကာကွယ်ရာမှာတော့ အမေရိကန်က ကူညီနေမယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာလည်း အမေရိကန်ဟာ အစ္စရေးဆီ အီရန်က ပစ်ခတ်လိုက်တဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချပေးနေပါတယ်။

ဒီအတောအတွင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း အီရန်က လက်တုံ့ပြန်လာချိန်မှာ အစ္စရေးကို ကူညီကာကွယ်ပေးမယ်လို့ ဇွန်လ ၁၃ ရက်မှာ ပြောကြားထားပါတယ်။ ဗြိတိန် အစိုးရကတော့ အစ္စရေးကို စစ်ရေး အကူအညီ ပေးတာမျိုး မရှိသေးဘဲ ဝန်ကြီးချုပ် ကီရာ စတာမာက တင်းမာမှုတွေ လျှော့ချရေးကို အလေးပေး တောင်းဆိုနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၄ ရက်နေ့မှာတော့ အီရန် အစိုးရ မီဒီယာက အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ဟာ အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍမှာ ကူညီ အားဖြည့်ပေးနေကြမယ် ဆိုရင် ဒေသတွင်းမှာရှိတဲ့ အဲဒီနိုင်ငံတွေရဲ့ စစ်စခန်းတွေနဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါဟာ အစ္စရေး ရရှိနေတဲ့ အကူအညီတွေကို ဟန့်တားဖို့ အီရန်ရဲ့ အားထုတ်မှုတစ်ခု ဖြစ်နိုင်ပေမယ့် ကြီးမားတဲ့ အလောင်းအစား တစ်ခုလည်း ဖြစ်နေပြန်တယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။

တကယ်လို့သာ အနောက်မဟာမိတ် နိုင်ငံတွေကို အီရန်က ပစ်မှတ်ထား တိုက်ခိုက်လိုက်မယ်ဆိုရင် အဲဒီနိုင်ငံတွေကိုပါ ပဋိပက္ခထဲ တိုက်ရိုက် ဆွဲသွင်းတဲ့ အဓိပ္ပါယ် ဖြစ်သွားနိုင်တာကြောင့်ပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန် သံအရာရှိ မက်ကွိုင်းပစ်တ်က ဘယ်အစိုးရမှ၊ ဒါမှမဟုတ် အစိုးရတွေရဲ့ လက်ဝေခံ အဖွဲ့အစည်းတွေကမှ ဒေသတွင်းမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ အမေရိကန်ရဲ့ အခြေခံ အဆောက်အအုံတွေကို မထိပါးသင့်ဘူးလို့ သတိပေးသွားခဲ့ပါတယ်။ တကယ်လို့ အီရန်က အဲဒီစည်းကို ကျော်ရင် အကျိုးဆက်တွေက လှပမှာ မဟုတ်ဘူးလို့လည်း သူက ခြိမ်းခြောက်ခဲ့ပါတယ်။

ဇွန်လ ၁၄ ရက်မှာတော့ အစ္စရေးရဲ့ တိုက်လေယာဉ်တွေဟာ အီရန်ရဲ့ မြို့တော် တဟီရန်ကို ပိုပြီး သည်းသည်းမည်းမည်း ပစ်မှတ်ထား ဗုံးကြဲလာခဲ့ပါတယ်။ အီရန်ကလည်း အစ္စရေးရဲ့ ဂျေရုဆလင်နဲ့ တဲလ်အဗစ်ဗ် မြို့တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အုံလိုက်ကျင်းလိုက် ပစ်ခတ်နေပြီး နှစ်နိုင်ငံကြား လေကြောင်းစစ်ဆင်ရေးတွေ အပြိုင်နွှဲနေကြပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ၊ နျူကလီးယား သိပ္ပံပညာရှင်တွေ အပါအဝင် အသေအပျောက်တွေ ဖြစ်ပေါ်ခဲ့သလို အီရန်ရဲ့ လက်တုံ့ပြန်မှုတွေကြောင့်လည်း အစ္စရေးဖက်မှာ အနည်းဆုံး ၃ ဦးသေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြပါတယ်။

အစ္စရေး စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ နှစ်ဖက် စစ်ရေးပဋိပက္ခ စတင်ချိန် ကတည်းက အီရန်ဟာ အစ္စရေး ပိုင်နက်ထဲကို ပဲ့ထိန်းဒုံးကျည် အစင်း ၂၀၀ ဝန်းကျင်နဲ့ အဲဒီထက် အရေအတွက် ပိုများတဲ့ ဒရုန်းတွေ ပစ်ခတ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီထဲက အများစုကိုတော့ အစ္စရေးရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေနဲ့ အမေရိကန်၊ ဂျော်ဒန်တို့လို နိုင်ငံတွေက ကြားဖြတ် ပစ်ချခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။