လာဘ်ပေးလာဘ်ယူမှု၊ စတော့စျေးကွက် ခြယ်လှယ်မှုတွေ အပါအဝင် စွပ်စွဲချက် တော်တော်များများနဲ့ ပတ်သက်လို့ သမ္မတကတော်ဟောင်း ကင်ကွမ်ဟီကို တောင်ကိုရီးယား အစိုးရ ရှေ့နေတွေက စစ်ဆေး မေးမြန်းခဲ့ပါတယ်။
ဩဂုတ် ၆ ရက်နေ့တုန်းက ကင်မ်ကို စစ်ဆေးမေးမြန်းမှုတွေ စတင်ပြုလုပ်ခဲ့ပြီး သူ့အတွက် တရားရုံးဆီက ဖမ်းဝရမ်း ထုတ်ပေးနိုင်ဖို့လည်း မျှော်လင့်ထားကြောင်း အစိုးရ ရှေ့နေ တချို့က ပြောပါတယ်။ ကင်မ်ရဲ့ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ယွန်ဆွတ်ခ်ယောကတော့ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက တောင်ကိုရီးယားမှာ အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့တဲ့ ပြဿနာရဲ့ နောက်ဆက်တွဲအဖြစ် ရာထူးက ဖယ်ရှား ခံခဲ့ရသလို လတ်တလောမှာလည်း ဖမ်းဆီးအကျဉ်းချ ခံထားရပါတယ်။
ဒီတော့ တကယ်လို့သာ တရားရုံးက ကင်မ်အတွက် ဖမ်းဝရမ်း လျှောက်ထားမှုကို လက်ခံခဲ့မယ်ဆိုရင် တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ သမ္မတဟောင်း တစ်ဦးနဲ့ သမ္မတကတော်ဟောင်းတို့ တပြိုင်တည်း အဖမ်းခံရတဲ့ အခြေအနေကို ပထမဆုံအကြိမ် ကြုံလာရမှာပါ။
အသက် ၅၂ နှစ်အရွယ် ကင်မ်ဟာ ၂၀၀၉ ကနေ ၂၀၁၂ ခုနှစ်ထိ အတောအတွင်း ကုမ္ပဏီ ထူထောင်ပြီး စတော့ရှယ်ယာ စျေးတွေ ဖောင်းပွအောင် ကုန်သည်တွေနဲ့ ပူးပေါင်းပြီး စျေးကစားတာတွေ လုပ်ခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရပါတယ်။ ပြီးတော့ သမ္မတကတော် ဖြစ်လာချိန်မှာလည်း ဒေါ်လာ ၂၀၀၀ တန် လက်ကိုင်အိတ် တစ်လုံး အပါအဝင် တန်ဖိုးကြီး အသုံးအဆောင်တွေကို တန်စိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း စွပ်စွဲမှုတွေ ကြုံခဲ့ရပါတယ်။ အဲဒီအခြေအနေတွေဟာ တောင်ကိုရီးယားရဲ့ အဂတိ တိုက်ဖျက်ရေး ဥပဒေတွေနဲ့ ငြိစွန်းနေပါတယ်။

Public Service Announcement
ကင်မ်ကို စစ်ဆေးမေးမြန်းတဲ့ ကိစ္စဟာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပြီး သူလိုက်ပါလာတဲ့ မော်တော်ကားက အစိုးရ ရှေ့နေရုံးဆီ သွားရာ လမ်းတလျှောက်ကို သတင်းဌာနတွေရဲ့ ကားတွေက လိုက်ပါလာခဲ့ကြပါတယ်။
ရုံးရှေ့မှာတော့ ယွန်နဲ့ ကင်မ်ကို ထောက်ခံသူတွေက စုဝေးနေခဲ့ပြီး နိုင်ငံတော် အလံတွေကို ဝှေ့ရမ်းနေခဲ့သလို စုံစမ်းစစ်ဆေးမှုတွေက မျှတဖို့လိုတယ်ဆိုတဲ့ စာတန်းတွေကိုလည်း ကိုင်ဆောင်ထားကြတာကို တွေ့ခဲ့ရပါတယ်။
ကင်မ်ဟာ တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ အငြင်းပွားမှုတွေ အများဆုံး သမ္မတ ကတော်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ၂၀၂၂ တုန်းက လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုထဲမှာတော့ သူ့ကို အားပေး ထောက်ခံသူလို့ မိတ်ဆက်ထားသူ တစ်ဦးဆီကနေ Dior လက်ကိုင်အိတ်တစ်လုံး လက်ခံယူနေတာကို တွေ့ရှိခဲ့ရတဲ့နောက် လူထုကြားမှာ အတော်လေး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
သူဟာ ခင်ပွန်းဖြစ်သူ ယွန်ရဲ့ ပါတီထဲမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ရွေးချယ်မှု လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဝင်ရောက် စွက်ဖက်ခဲ့တယ်လို့လည်း စွပ်စွဲ ခံရဖူးပြီး အဲဒီကိစ္စသာ တကယ်ဆိုရင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်ပါတယ်။
သမ္မတအဖြစ် ယွန်တာဝန်ယူနေတဲ့ ကာလအတွင်း အတိုက်အခံ အင်အားစုတွေက ကင်မ်ကို စုံစမ်းစစ်ဆေးပေးဖို့ အဆိုသုံးရပ် တင်သွင်းခဲ့ဖူးပြီး ယွန်က သုံးကြိမ်စလုံးကို ပယ်ချခဲ့ပါတယ်။ အဲဒီ အဆိုတွေဟာ သူ့ဇနီးကို ပစ်မှတ်ထားပြီး သူ့ကို နိုင်ငံရေးအရ ထိုးနှက် တိုက်ခိုက်တာသာ ဖြစ်တယ်လို့ ယွန်က တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။
ကိုးကား: CNA


















































