Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ကျော်လွန်သွားပြီးတဲ့နောက် ဟိုင်နန်ကျွန်းမှာ ရှင်းလင်းရေးတွေ စတင်

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ ဖြတ်သန်းသွားတဲ့နောက် တရုတ်ပိုင် ဟိုင်နန်ကျွန်းမှာ ရှင်းလင်းရေး လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါတယ်။

Photo - China Daily

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ ဖြတ်သန်းသွားတဲ့နောက် တရုတ်ပိုင် ဟိုင်နန်ကျွန်းမှာ ရှင်းလင်းရေး လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ဩဂုတ် ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ဟိုင်နန်ကျွန်းရဲ့ တောင်ဖက်စွန်းမှာရှိတဲ့ ဆန်ညာမြို့ကို ဖြတ်သန်းပြီး အနောက်ဖက်ကို ဆက်လက် ရွေ့လျားသွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာ မြို့တစ်မြို့ဖြစ်တဲ့ ဆန်ညာမှာတော့ မိုးသည်းသည်းထန်ထန်ရွာ၊ လေပြင်းတွေ တိုက်ခတ်ပြီး သစ်ပင်တချို့ ပြိုလဲကုန်တာမျိုး ရှိခဲ့ပေမယ့် မုန်တိုင်းကြောင့် ထိခိုက်သေကြေမှုတွေတော့ မကြုံခဲ့ရပါဘူး။

ကာဂျီကီ မုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းဆီ ဆက်လက် ဦးတည် ရွေ့လျားနေပြီး နိုင်ငံ အလယ်ပိုင်း ဒေသတွေဆီ ဖြတ်ကျော် ကုန်းတွင်းဝင်ရောက်မှာ ဖြစ်ပါတယ်။ ခပ်ဖြည်းဖြည်း ရွေ့လျားနေတဲ့ မုန်တိုင်းဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းတွေထိ ဆက်လက် ဦးတည်ပြီးမှ အားပျော့ ပျက်ပြယ်သွားမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဟိုင်နန်မှာတော့ အရေးပေါ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပြီး ကမ်းရိုးတန်း ဧရိယာတွေမှာ နေထိုင်သူ ၂၀၀၀၀ လောက်ကို ရွှေ့ပြောင်းစေခဲ့ပါတယ်။ ကံအားလျော်စွာပဲ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုဟာ မျှော်လင့်ထားတာထက် အများကြီး ပိုနည်းခဲ့တယ်လို့ ဆန်ညာမြို့ အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းဒဏ်ကို သိသိသာသာ သက်ရောက်ခံစားခဲ့ရတဲ့ မြို့ခံဦးရေ တစ်သိန်းကျော်လောက် ရှိခဲ့တယ်လို့လည်း သိရပါတယ်။ မုန်တိုင်း ကျော်လွန်ဖြတ်သန်းပြီး နာရီပိုင်းလောက် အကြာမှာတော့ မြို့ထဲမှာ အာဏာပိုင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ရှင်းလင်းရေးတွေကို စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ဆန်ညာမြို့ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာလည်း ကြမ်းတမ်းပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကာဂျီကီဟာ သိပ္ပံနည်းကျ တိုင်းတာနိုင်တဲ့ မိုးလေဝသ သတင်းအချက်အလက်တွေ စတင်စုဆောင်းနိုင်ခဲ့တဲ့ ကာလတလျှောက် ဆန်ညာမြို့မှာ ကြုံဖူးသမျှ အပြင်းထန်ဆုံး တိုင်ဖွန်းတစ်ခုလည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ဗီယက်နမ်မှာတော့ မုန်တိုင်းအတွက် ပိုမို ပမာဏ ကျယ်ပြန့်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြပြီး လူပေါင်း ၆ သိန်းနီးပါးကို အန္တရာယ်ဇုန်တွေဆီကနေ ရွှေ့ပြောင်းပေးထားပါတယ်။ ကာဂျီကီဟာ လေတိုက်နှုန်း တစ်နာရီ ၁၄၀ ကီလိုမီတာကနေ ၁၆၅ ကီလိုမီတာကြားလောက် အရှိန်အဟုန်မျိုးနဲ့ ဗီယက်နမ်ကို ဖြတ်သန်းဝင်ရောက်ဖွယ် ရှိနေပါတယ်။

ဗီယက်နမ်မှာတော့ ကာဂျီကီဟာလည်း မနှစ်က စက်တင်ဘာလတုန်းက တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီလိုပဲ အရမ်း ဖျက်ဆီးအား ပြင်းထန်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ယာဂီကြောင့် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ စုစုပေါင်း ထောင်နဲ့ချီ အသေအပျောက်တွေ ရှိခဲ့ပြီး ဗီယက်နမ် တစ်နိုင်ငံတည်းမှာတင် လူ ၃၀၀ လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: China Daily

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ဘာဗီဟာ တိုင်ဖွန်းအဆင့်ကို အားပျော့သွားပြီး မြောက်ဖက်ကို နည်းနည်းပိုပြီး လမ်းကြောင်း ပြောင်းသွားတဲ့နောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းခြေဆီ ဦးတည်နေကြောင်း သိရပါတယ်။