စက်တင်ဘာ-၄၊၂၀၂၅။People’s Spring
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ဆီ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ယုံကြည်ရကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။
သူဟာ ထောင်ဒဏ်ကျခံခဲ့ရတဲ့ကာလကို အကျဉ်းခန်းထဲမှာ မကုန်ဆုံးဘဲ ထိုင်းရဲတပ်ဖွဲ့ ဆေးရုံရဲ့ အထူးသီးသန့်လူနာခန်းထဲမှာပဲ ၆လကြာနေထိုင်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားရုံး ကြားနာမှု မတိုင်ခင်ထိုင်းကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။
ကြားနာမှုဟာစက်တင်ဘာ၉ရက်နေ့မှာ ရုံးချိန်းခေါ်ထားတာ ဖြစ်ပေမယ့် သက်ဆင်က စက်တင်ဘာ ၄ ရက်နေ့မှာစင်ကာပူကိုသွားရောက်ဆေးစစ်မှုခံယူမယ်ဆိုပြီးကိုယ်ပိုင်လေယာဉ်နဲ့ထွက်ခွာသွားပါတယ်။

Public Service Announcement
ဒါပေမဲ့ လေယာဉ်ပျံသန်းမှု စောင့်ကြည့်စနစ်တွေကတော့ သက်ဆင်ရဲ့ လေယာဉ်ဟာလမ်းကြောင်းပြောင်းပြီး အိန္ဒိယနိုင်ငံဖက်ကိုဦးတည်နေကြောင်း ညွှန်ပြနေပါတယ်။ အခုသတင်းရေးသားချိန် စက်တင်ဘာ ၄ ရက်ည ၁၁ နာရီခန့်မှ လေယာဥ်ဟာ အိန္ဒိယနိုင်ငံ ၊ချန်နိုင်းနားရောက်နေပြီလို့သိရပါတယ်။လေယာဉ်ဟာ ဒူဘိုင်းထိ ခရီးဆက်မယ်လို့ ယုံကြည်ရတယ်လို့ ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ် ။
အစောပိုင်းတုန်းက သက်ဆင်ဟာ ဒွန်မောင်းလေဆိပ်ကနေ ပရန်ချူယပ်ခီရီခန်ပြည်နယ်ထဲက ဟွာဟင်ဆီ သွားရောက်မှာလို့ သတင်းတွေ ထွက်ခဲ့ပြီး နောက်တော့ စင်ကာပူကိုဦးတည်ပျံသန်းသွားတယ်လို့သတင်းတွေကဖော်ပြလာပါတယ်။ဒါပေမဲ့ လေယာဉ်ကရုတ်တရက်လမ်းကြောင်းပြောင်းပြီး အိန္ဒိယဖက်ကို ပျံသန်းနေတာ ဖြစ်ပါတယ်။
သက်ဆင်ရဲ့ လေယာဉ် ဒွန်မောင်းကနေ မထွက်ခွာခင်မှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ လေဆိပ် အရာရှိတွေကလိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားတွေ မှန် ၊မမှန် သေချာ စစ်ဆေးခဲ့တယ်လို့လည်းဆိုပါတယ်။
သက်ဆင်ဟာထိုင်းစစ်တပ်ကအာဏာသိမ်း ဖြုတ်ချတာ ခံခဲ့ရပြီး ပြည်ပမှာ တိမ်းရှောင် ခိုလှုံနေတဲ့ ကာလတွေ အတောအတွင်း နိုင်ငံခြား တိုင်းပြည်တချို့မှာ လှည့်လည် နေထိုင်ခဲ့ပြီး ဒူဘိုင်းလည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီနောက် သူကြိုးကိုင်နေတဲ့ ဖျူထိုင်းပါတီက ညွန့်ပေါင်း အစိုးရဖွဲ့ပြီး ထိုင်းမှာ တကျော့ပြန် အာဏာရလာခြင်းနဲ့အတူ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ သက်ဆင်က မိခင်နိုင်ငံဆီ ပြန်လာခဲ့တာပါ။
သူဟာ မျက်ကွယ်မှာစွဲချက်တင်ခံထားရတဲ့အမှုတွေအတွက်နှစ်ရှည်ထောင်ဒဏ်ကျခံရပေမယ့် ထိုင်းဘုရင်ရဲ့သက်ညှာပေးမှုကြောင့် ပြစ်ဒဏ်ကို တစ်နှစ်ထိ လျှော့ချနိုင်ခဲ့ပါတယ်။ အဲဒီထဲက ၆ လကို ရဲတပ်ဖွဲ့ ဆေးရုံမှာ ဖြတ်သန်း ကုန်လွန်စေပြီးတဲ့နောက် လျှော့ရက်နဲ့ သက်ဆင်က ပြန်လွတ်လာတာ ဖြစ်ပါတယ်။ဒီကိစ္စမှာမရိုးသားမှုတွေရှိနိုင်ကြောင်းစွပ်စွဲမှုတွေထွက်ပေါ်လာတဲ့နောက်သက်ဆင်ကို တရားရုံးကခေါ်ယူစစ်ဆေးဖို့ စီစဉ်ခဲ့တာပါ။
ပြည်ပကို သက်ဆင် ရုတ်တရက် ထွက်ခွာသွားချိန်ဟာဖျူထိုင်းပါတီက အာဏာလက်လွှတ်ရဖို့ နီးစပ်နေခြင်းနဲ့လည်းတိုက်ဆိုင်နေပါတယ်။သက်ဆင်ရဲ့သမီးဖြစ်သူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုနဲ့ ဝန်ကြီးချုပ် ရာထူးကနေ ဖြုတ်ချ ခံလိုက်ရတဲ့နောက် ထိုင်းလွှတ်တော်ဟာ ဝန်ကြီးချုပ်သစ် တစ်ဦးကို စက်တင်ဘာ ၅ ရက်ကျရင် ရွေးချယ်တော့မှာပါ။
လက်ရှိ အခြေအနေအရ ဖျူထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာပြိုင်ဘက်ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်း ပါတီကို အရေးနိမ့်ပြီး ဝန်ကြီးချုပ် တင်မြှောက်ခွင့် ဆုံးရှုံးဖို့ အလားအလာ အရမ်းများနေပါတယ်။
ရဲတပ်ဖွဲ့ဆေးရုံရဲ့ ၁၄ ထပ် အထူးခန်းမှာပဲ သက်ဆင်က အကျဉ်းကျ ကာလတလျှောက် ဖြတ်သန်း ကုန်ဆုံးခဲ့တာကို ထိုင်းမှာတော့ ၁၄ ထပ်အမှုလို့ လူသိများပါတယ်။ သက်ဆင်ရဲ့ လေယာဉ် လမ်းကြောင်းပြောင်းမသွားခင်ထိ သူ့ရဲ့ ရှေ့နေတွေကတော့ ဝန်ကြီးချုပ်ဟောင်းဟာ စက်တင်ဘာ ၉ ရက်နေ့ တရားခွင်ကို တက်ရောက်ဖို့ ဆန္ဒရှိတယ်လို့ပဲ တွင်တွင်ပြောနေခဲ့ကြပါတယ်။
သက်ဆင်ဟာ မီဒီယာနဲ့အင်တာဗျူးတခုမှာထိုင်းဘုရင်ကိုအပုပ်ချဝေဖန်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက် တစ်ခုကိုလည်း ရင်ဆိုင်ခဲ့ရပေမယ့် တရားရုံးက သူ့ကို ကွင်းလုံးကျွတ် လွှတ်ပေးခဲ့ပါတယ်။အဲဒီ စွဲချက်ကနေ လွတ်သွားခြင်းကြောင့်လည်းသက်ဆင်ဟာပြည်ပနိုင်ငံတွေကိုလွတ်လွတ်လပ်လပ် ခရီးသွားလာခွင့် ပြန်ရသွားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: The Nation ၊ Khaosod




















































