Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်နက်စွန့်မလား၊ အကြမ်းနည်းနဲ့ လက်နက်ဖြုတ်သိမ်းတာ ခံမလား ဟားမားစ်ရွေးရမယ်လို့ ထရမ့်ပြော

ဟားမားစ် ပြောက်ကျားတွေ အနေနဲ့ လက်နက် စွန့်မလား၊ အကြမ်းနည်းနဲ့ လက်နက် ဖြုတ်သိမ်းတာ ခံမလား ဆိုတာကို ရွေးရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဟားမားစ် ပြောက်ကျားတွေ အနေနဲ့ လက်နက် စွန့်မလား၊ အကြမ်းနည်းနဲ့ လက်နက် ဖြုတ်သိမ်းတာ ခံမလား ဆိုတာကို ရွေးရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

ထရမ့်က ကြားဝင် စေ့စပ်ပေးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အစ္စရေးနဲ့ ဟားမားစ်တို့က လက်ခံပြီး ဂါဇာကမ်းမြှောင် ဒေသမှာ အပစ်အခတ် ရပ်စဲခဲ့တဲ့နောက် ထရမ့်က အခုလို ပြောကြားခဲ့တာပါ။ သူက ဟားမားစ် ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေနဲ့ အစ္စရေး ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို အသီးသီး ပြန်လွှတ်ပြီး သုံ့ပန်းချင်း ဖလှယ်ခဲ့ကြတာကို ကြိုဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဟားမားစ်ဟာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပါ့မယ်ဆိုတဲ့ ကတိမျိုး သူ့ကိုပေးထားပြီး အဲဒီကိစ္စကို ဖြစ်မြောက်အောင် ဆက်လုပ်ဖို့တော့ လိုမယ်လို့ ထရမ့်က ဆိုပါတယ်။

ဟားမားစ်တွေနဲ့ သူစကားပြောခဲ့ပြီး လက်နက်စွန့်မှာလားလို့ မေးခဲ့ကြောင်း၊ သူတို့ကလည်း လက်နက်စွန့်မယ်လို့ ဖြေခဲ့ကြောင်း၊ အဲဒီလိုမျိုး အတိအကျ ဟားမားစ်ဖက်က ပြောခဲ့ကြောင်း ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – The New York Times

ဒီတော့ ဟားမားစ်ဟာ သူတို့ရဲ့ စကားအတိုင်း လက်နက်စွန့်ဖို့ လိုအပ်ပြီး အဲဒီလို ဖြစ်မလာရင်တော့ အမေရိကန်က လက်နက်ဖြုတ်သိမ်းရလိမ့်မယ်လို့ ထရမ့်က သတိပေးသွားပါတယ်။ နောက်ပိုင်းမှာတော့ ထရမ့်က သူဟာ ဟားမားစ် ခေါင်းဆောင်ပိုင်းနဲ့ တိုက်ရိုက် စကားပြောခဲ့တာ မဟုတ်ဘူးလို့ ပြန်လည် ပြင်ဆင်ခဲ့ပြီး သူခန့်အပ်ထားတဲ့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် အပါအဝင် အမေရိကန် အရာရှိတွေကို ဟားမားစ်တွေက လက်နက်စွန့်မယ့်ကိစ္စ ကတိပေးခဲ့တာလို့ ရှင်းလင်းခဲ့ပါတယ်။

သတင်းထောက်တွေက ဟားမားစ်တွေသာ လက်နက်မစွန့်ရင် ဘယ်လို လုပ်မလဲလို့ မေးတဲ့အခါ ထရမ့်က သူတို့တွေ လက်နက်စွန့်ကြမှာ ဖြစ်ကြောင်း၊ အဲဒီလို မဟုတ်ဘူးဆိုရင် လက်နက်စွန့်အောင် လုပ်ယူမှာဖြစ်ကြောင်း၊ အဲဒီအခါ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ အကြမ်းပတမ်းလည်း ဖြစ်သွားနိုင်ကြောင်း ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ဟားမားစ်က လက်နက်စွန့်ပါလိမ့်မယ်လို့ ထရမ့်က မှတ်ချက်ပေးပါတယ်။

အစောပိုင်းတုန်းကတော့ ဟားမားစ်ဟာ စစ်ပြီးခေတ် ဂါဇာ အုပ်ချုပ်ရေးမှာ မပါဝင်တော့ဖို့ သဘောတူထားပေမယ့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ဖို့တော့ တိတိကျကျ မဆုံးဖြတ်သေးဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဟားမားစ်ရဲ့ ခါးသီးရန်ဘက်ဖြစ်တဲ့ အစ္စရေးရဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း ဟားမားစ်ဟာ ကျိန်းသေပေါက် လက်နက်စွန့်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ အစ္စရေးဟာ သမ္မတ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအမံကို လက်ခံထားတယ် ဆိုတာကလည်း နောင်တစ်ချိန်မှာ ဟားမားစ်ရဲ့ လက်နက်တွေကို ဖြုတ်သိမ်းမယ်ဆိုတဲ့ အချက်ကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အစ္စရေးက ငြိမ်းချမ်းရေးအတွက် အခွင့်အရေး တစ်ခုကို လက်ခံပေးခဲ့ကြောင်း၊ ပြီးရင်တော့ ပထမဆုံး အနေနဲ့ ဟားမားစ်ဟာ လက်နက်စွန့်ရမှာဖြစ်ပြီး နောက်တစ်ဆင့်မှာတော့ ဂါဇာမှာ လက်နက်စက်ရုံ ဘာတစ်ခုမှ မကျန်အောင် ရှင်းလင်းဖို့ လိုကြောင်း၊ လက်နက်တွေ ခိုးသွင်းလို့ မရအောင်လည်း တားမြစ်ဖို့ လိုကြောင်း၊ ဂါဇာဟာ စစ်မဲ့ဇုန်တစ်ခု ဖြစ်လာဖို့ လိုအပ်ကြောင်း နေတန်ညာဟုက ဆိုပါတယ်။

ဟားမားစ်တွေ လက်နက်စွန့်စေဖို့ လိုအပ်ရင် အကြမ်းနည်းတွေကိုပါ သုံးနိုင်တယ်ဆိုတဲ့ ထရမ့်ရဲ့ အာဘော်ကို နေတန်ညာဟုကလည်း သံယောင်လိုက်ခဲ့ပြီး စီစဉ်ထားသလို ဖြစ်မလာရင် ငရဲပွက်သွားစေရမယ်လို့ပါ ဟားမားစ်ကို ရည်ရွယ် ခြိမ်းခြောက်သွားခဲ့ပါတယ်။

ကိုးကား: Times of Israel

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။