မိန့်ခွန်းကို ဆိုလိုရင်းနဲ့ လွဲချော်အောင် တည်းဖြတ်ခဲ့တဲ့ ကိစ္စအတွက် BBC မီဒီယာ လုပ်ငန်းစုက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အတိအလင်း တောင်းပန်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့မှာ BBCက ထရမ့်ကို တောင်းပန်ခဲ့ပေမယ့်လည်း ထရမ့်ရဲ့ ရှေ့နေတွေ တောင်းဆိုထားသလို နစ်နာကြေး ပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တုန်းက အမေရိကန် လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေက မစီးနင်းခင် ထရမ့်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို BBCရဲ့ တည်းဖြတ်ပုံက ဆိုလိုရင်းနဲ့ လွဲချော်စေတယ်ဆိုတဲ့ ဝေဖန် ထောက်ပြမှုတွေကနေစပြီး အခုပြဿနာ ဖြစ်ပွားခဲ့တာပါ။
BBCရဲ့ Panorama အစီအစဉ်အတွက် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဟာ ထရမ့်ရဲ့ မိန့်ခွန်းထဲက မတူညီတဲ့ အစိတ်အပိုင်းတွေကို ချိတ်ဆက်ပြီး တည်းဖြတ် ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အကျိုးဆက်ကတော့ ထရမ့်ဟာ လွှတ်တော်ကို စီးနင်းမှု ကျူးလွန်စေဖို့ တိုက်ရိုက် အားပေးခဲ့သလို ထင်ယောင်ထင်မှာ အဓိပ္ပါယ်ဆီ ဦးတည်သွားစေပါတယ်။ ဒါတင်မကသေးဘဲ လိုလားချက်ကို ငြိမ်းငြိမ်းချမ်းချမ်း၊ မျိုးချစ်စိတ်ဓာတ် ပြည့်ပြည့်ဝဝနဲ့ ချီတက် ဆန္ဒပြကြဖို့ ထောက်ခံသူတွေကို ထရမ့်က မှာကြားခဲ့တဲ့ စကားကိုလည်း BBCက ဖြတ်တောက် ဖယ်ရှားခဲ့ကြောင်း ထရမ့်ရဲ့ ရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ထရမ့်ရဲ့ ရှေ့နေတွေက BBC အနေနဲ့ Panoramaမှာ ပြသထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ဖယ်ရှားပေးဖို့၊ ထရမ့်ကို ပြန်တောင်းပန်ဖို့ စာရေးသားပေးပို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဟာ ထရမ့်ကို ဂုဏ်သိက္ခာအရရော၊ စီးပွားရေး အရပါ ထိခိုက်စေတာကြောင့် နစ်နာကြေး ပေးဖို့လည်း တောင်းဆိုထားပါတယ်။ မတောင်းပန်ဘူးဆိုရင် လျော်ကြေး ဒေါ်လာ ၁ ဘီလီယံထိ များပြားတဲ့ ပမာဏမျိုး ရရှိဖို့ တရားစွဲမယ်လို့လည်း ထရမ့်ဖက်က ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement
ဗြိတိန်အခြေစိုက် BBCမှာတော့ ဒီဂယက်ကို အကြောင်းပြုပြီး ညွှန်ကြားရေးမှူးချုပ်နဲ့ သတင်းဌာန အကြီးအကဲတို့ ရာထူးကနေ တာဝန်ယူ နုတ်ထွက်ခဲ့ရပါတယ်။ BBC လုပ်ငန်းစုရဲ့ ထုတ်ပြန်ချက်မှာတော့ သမ္မတ ထရမ့်ဟာ အကြမ်းဖက် ရန်လိုမှုတွေကို တိုက်ရိုက်ကျကျ သွေးထိုး တောင်းဆိုခဲ့ပါတယ်ဆိုတဲ့ သဘောမျိုး မှားယွင်း ဖော်ပြမိခဲ့ကြောင်း ဝန်ခံထားပြီး ၂၀၂၄ တုန်းက ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို ဖယ်ရှားသွားမယ်လို့ ပါရှိခဲ့ပါတယ်။
အလားတူ အငြင်းပွားစရာ ပြင်ဆင်တည်းဖြတ်ထားတဲ့ ၂၀၂၂ တုန်းက နောက်ထပ် ဗီဒီယိုဖြတ်ပိုင်း တစ်ခုကို တခြား ဗြိတိန်သတင်းဌာန တစ်ခုဖြစ်တဲ့ Telegraphက ထုတ်ပြခဲ့ပြီး နာရီပိုင်း အကြာမှာ BBC မီဒီယာ လုပ်ငန်းစုက ထရမ့်ကို တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။
BBCရဲ့ ကြေညာချက်မှာတော့ ထရမ့်မိန့်ခွန်းကို ပုံမှန်အတိုင်း စဉ်ဆက်မပြတ် တင်ပြတာမျိုးထက် ကွဲပြားတဲ့ ရှုထောင့်တစ်ခုက ပြသချင်လို့ တည်းဖြတ်ခဲ့ပေမယ့် မရည်ရွယ်ဘဲ အမှားဖြစ်သွားကြောင်း၊ အဲဒီ တည်းဖြတ်မှုဟာ သမ္မတ ထရမ့်က အကြမ်းဖက် ရန်လိုမှုတွေ ဖြစ်လာစေဖို့ တိုက်ရိုက် တောင်းဆိုခဲ့တယ်ဆိုတဲ့ မှားယွင်းတဲ့ အကောက်အယူမျိုးဆီ ဦးတည်စေခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပြီးတော့ BBCရဲ့ ဥက္ကဋ္ဌ ဆာမာရှားဟ်ဟာ အိမ်ဖြူတော်ဆီ ပုဂ္ဂိုလ်ရေး စာတစ်စောင် ပေးပို့ပြီး ဖြစ်ပျက်ခဲ့တာတွေအတွက် သူနဲ့ မီဒီယာလုပ်ငန်းစုက ထရမ့်ကို အထူးစိတ်မကောင်းစွာ တောင်းပန်လိုကြောင်း အသိပေး ရေးသားထားတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ BBCရဲ့ ရှေ့နေတွေကလည်း ထရမ့်ရဲ့ ရှေ့နေတွေဆီက အကြောင်းကြားမှုအတွက် သီးခြား စာပြန်ထားပါတယ်။
BBCဟာ တည်းဖြတ်ခဲ့တဲ့ ဗီဒီယိုရဲ့ အခြေအနေအတွက် ဝမ်းနည်း နောင်တရမိပေမယ့် တမင်ရည်ရွယ်ပြီး သိက္ခာချဖို့ လုပ်ခဲ့တာဆိုတဲ့ စွပ်စွဲချက်ကိုတော့ အလေးအနက် ငြင်းဆိုကြောင်း BBCဖက်က အကြောင်းပြန်ခဲ့ပါတယ်။
ထရမ့်ရဲ့ မူလမိန့်ခွန်းမှာတော့ အမေရိကန် လွှတ်တော်ထိ ချီတက်ပြီး ရဲရင့်တဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ် အမျိုးသား အမျိုးသမီးတွေကို ဂုဏ်ပြု ချီးကျူးရမယ်လို့ ပါရှိခဲ့ပါတယ်။ မိနစ် ၅၀ လောက် ကြာပြီးတဲ့နောက်မှ တခြား အခြေအနေနဲ့ ဆက်စပ်ပြီး ‘ကျုပ်တို့ တိုက်ပွဲဝင်ရမယ်၊ အသေအကျေ တိုက်ပွဲဝင်ရမယ်’လို့ ထရမ့်က ပြောကြားထားခဲ့ပါတယ်။
ဒါပေမဲ့ BBCရဲ့ တည်းဖြတ်မှုမှာတော့ ထရမ့်ရဲ့ မိန့်ခွန်းနှစ်ခုကို ပေါင်းပြီး ‘ကျုပ်တို့ လွှတ်တော်ထိ ချီတက်ရမယ်။ ပြီးတော့ ခင်ဗျားတို့နဲ့အတူ ကျုပ်ရှိနေမယ်။ ကျုပ်တို့ တိုက်ပွဲဝင်ရမယ်၊ အသေအကြေ တိုက်ပွဲဝင်ရမယ်’ဆိုတာမျိုး ဖြစ်သွားပါတယ်။
ထရမ့်ကတော့ သူ့ရဲ့ မိန့်ခွန်းဟာ အမဲဖျက်ခံခဲ့ရတာလို့ Foxနဲ့ အင်တာဗျူးမှာ ဝေဖန်ခဲ့ပါတယ်။ ဒီလိုပုံစံ တည်းဖြတ်ပြီး ပြသခဲ့တဲ့အခါ ကြည့်ရှုသူတွေကို အထင်အမြင် လွဲသွားစေတယ်လို့ သူက ပြောပါတယ်။
နစ်နာကြေးပေးဖို့ BBCဖက်က ငြင်းဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ ရှေ့နေတွေဖက်က ဘယ်လို အကြောင်းပြန်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ကိုးကား: BBC
















































