အီရန်နဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ အမေရိကန်ဟာ နောက်ထပ် စစ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းဒေသ ရေပြင်ဆီ ထပ်မံအားဖြည့် စေလွှတ်လိုက်ပါတယ်။
ဧရာမ စစ်သင်္ဘောအုပ်ကြီးက အီရန်နားကို ရွေ့လျားလာနေပြီ ဖြစ်တာကြောင့် အီရန်ဟာ နျူကလီးယား မူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ညှိနှိုင်းမှုတွေလုပ်ဖို့ အချိန်များများ မကျန်တော့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် သတိပေးခဲ့တဲ့နောက် USS Delbert D. Blackကလည်း အရှေ့အလယ်ပိုင်းဆီ စတင်ဦးတည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။
အဲဒီ စစ်သင်္ဘောဟာ Aegis ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ Arleigh Burkeအဆင့် ဖျက်သင်္ဘော အမျိုးအစားဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာထဲမှာ ရောက်ရှိနှင့်နေပြီးသား လေယာဉ်တင် သင်္ဘောကြီး Abraham Lincoln ဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ် အုပ်စုနဲ့ သွားရောက် ပူးပေါင်းမယ်လို့ သိရပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ရေပြင်မှာ ရှိနေတဲ့ USS Abraham Lincolnကို ဖျက်သင်္ဘောတွေဖြစ်တဲ့ USS Spruance၊ USS Murphy၊ USS Frank E. Petersen၊ USS McFaulနဲ့ USS Mitscherအပြင် မြန်နှုန်းမြင့် တိုက်ရေယာဉ် littoral combat ship အမျိုးအစား USS Canberra၊ USS Tulsaနဲ့ USS Santa Barbaraတို့က ခြံရံ စောင့်ရှောက်ပေးထားပါတယ်။

Public Service Announcement
ရေပြင်မှာ အဲဒီ စွမ်းဆောင်ရည်မြင့် တိုက်ရေယာဉ်တွေကို အီရန်ပိုင်နက်နား ပို့ဆောင်နေရင်း တပြိုင်တည်းမှာပဲ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေနဲ့ စစ်လေယာဉ်တွေကိုလည်း အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသထဲက အာရပ်မဟာမိတ် နိုင်ငံတွေမှာ အင်အားတိုးမြှင့် ဖြန့်ကျက်နေပါတယ်။
ဧရာမ ရေတပ်ကြီး လာနေပြီ ဆိုတာမျိုး ခြိမ်းခြောက်ထားတာ အပါအဝင် အီရန်ကို အင်အားသုံး ဖိအားပေးနေပေမယ့် ထရမ့်ကတော့ အီရန်အစိုးရက ဆွေးနွေးပွဲ စကားဝိုင်းဆီ လိုလိုချင်ချင် ရောက်လာတာမျိုးကို အမေရိကန် အနေနဲ့ ပိုပြီး လိုလားဆဲလို့လည်း ပြောကြားထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အီရန်ရဲ့ နျူကလီးယား စစ်လက်နက်တွေ ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို တားဆီးဖို့အတွက် အမေရိကန် အစိုးရဟာ ဖြစ်နိုင်ခြေ ရွေးချယ်စရာ အားလုံးကို စဉ်းစားထားမယ်လို့ မှတ်ချက်ပေးထားပါတယ်။
အီရန်ကတော့ နိုင်ငံကို ရန်ပြုတိုက်ခိုက်တဲ့ လုပ်ဆောင်မှု မှန်သမျှကို အမြန်ဆုံးနဲ့ ထိထိရောက်ရောက် တုံ့ပြန် ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေဟာ ပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့လည်း အီရန်က သတိပေးထားပါတယ်။
ကိုးကား: Reuters

















































