Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတကာ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုကို ၁၅ ရာခိုင်နှုန်း ထရမ့်ပြန်တိုး

အမေရိကန်ဆီ ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ ပို့ကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်မှုကို တရားရုံးချုပ်က တားမြစ်လိုက်ပြီး နောက်တစ်နေ့မှာပဲ သမ္မတ ဒေါ်နယ်လ်ထရမ့်က တစ်ကမ္ဘာလုံးရဲ့ အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်စည်တွေကို ၁၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ပါတယ်။

အမေရိကန်ဆီ ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ ပို့ကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်မှုကို တရားရုံးချုပ်က တားမြစ်လိုက်ပြီး နောက်တစ်နေ့မှာပဲ သမ္မတ ဒေါ်နယ်လ်ထရမ့်က တစ်ကမ္ဘာလုံးရဲ့ အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်စည်တွေကို ၁၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ပါတယ်။

တရားရုံးချုပ်ရဲ့ ဟန့်တားမှုနဲ့ ကြုံခဲ့တဲ့တိုင် သူ့ရဲ့ ခပ်ကြမ်းကြမ်း အခွန်စည်းကြပ် ကောက်ယူမှု မူဝါဒတွေကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ထရမ့်က ကတိပြုခဲ့ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်စည်အားလုံးကို တန်ဖိုးရဲ့ အခွန် ၁၅ ရာခိုင်နှုန်း စည်းကြပ်မယ့်အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကနဦးတုန်းက အမေရိကန် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတဲ့နောက် အမေရိကန်ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ ထရမ့်က ဖေဖော်ဝါရီ ၂၀ ရက်နေ့တုန်းက လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်ဟာ မနှစ်တုန်းက ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် သွင်းကုန် တန်ဖိုးတွေရဲ့ ၁၀ ကနေ ၅၀ ရာခိုင်နှုန်းထိ အမျိုးမျိုး ကွဲပြားတဲ့ နှုန်းထားတွေနဲ့ အခွန်စည်းကြပ်ခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးချုပ်ကတော့ အဲဒီ အခွန်မြှင့်တင်မှုတွေအတွက် ထရမ့်က အသုံးပြုခဲ့တဲ့ ဥပဒေဟာ သူပေးခဲ့တဲ့ အကြောင်းပြချက်တွေနဲ့ မသင့်တော်ဘူးလို့ ဆုံးဖြတ်ပြီး အခွန်စည်းကြပ်မှုတွေကို ပယ်ဖျက်စေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာပဲ ထရမ့်ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီဖက်ကလည်း အဲဒီလို ဆုံးဖြတ်ချက်အတွက် မဲပေးခဲ့တဲ့ တရားသူကြီးတွေကို သစ္စာမဲ့သူတွေ၊ အရူးတွေစတဲ့ အသုံးအနှုန်းတွေနဲ့ ဝေဖန် ထိုးနှက်လာခဲ့ပါတယ်။ အမေရိကန် တရားရုံးချုပ်ဟာ ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက သူ့ဖက်ကို အလေးသာစေမယ့် ဆုံးဖြတ်ချက်တွေ အဓိက ချမှတ်ခဲ့တယ်လို့ စွပ်စွဲ ခံနေရချိန်မှာ အခုလို ဆုံးဖြတ်ပေးလိုက်တဲ့အတွက် လေ့လာစောင့်ကြည့်သူတွေ အံ့ဩခဲ့ရပါတယ်။

တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး နောက်တစ်နေ့မှာပဲ ထရမ့်က ကွဲပြားတဲ့ ဥပဒေ တစ်ခုကို အသုံးပြုပြီး သွင်းကုန် အားလုံးအပေါ် ၁၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ် ထရမ့်အသုံးပြုလိုက်တဲ့ ဥပဒေကတော့ ရက်ပေါင်း ၁၅၀ စာ ယာယီ ကာလအပိုင်းအခြား အတွက်သာ အခုလို အခွန်တိုးမြှင့်ခွင့် ပြုနိုင်မှာ ဖြစ်ပါတယ်။

တရားရုံးချုပ်ရဲ့ ဖေဖော်ဝါရီ ၂၀ ဆုံးဖြတ်ချက်ဟာ ကွဲပြားတဲ့ ဥပဒေတွေကို အသုံးပြုပြီး ထရမ့်က သီးခြား သတ်မှတ်ထားတဲ့ ကုန်သွယ်ခွန်တွေ အပေါ်မှာတော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ဥပမာ စက်မှုလုပ်ငန်းသုံး သံမဏိ၊ အလျူမီနီယမ်နဲ့ တခြားကုန်ကြမ်းတွေအတွက် သီးသန့် အခွန်စည်းကြပ်ထားမှုတွေက ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။

ထရမ့်အတွက်တော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ ဒုတိယအကြိမ် သမ္မတ သက်တမ်းအတွင်း တရားရေးအရ အကြီးမားဆုံး ရှုံးနိမ့်မှု ဖြစ်လာပါတယ်။ ပုံမှန်အားဖြင့်တော့ တရားရုံးချုပ်ဟာ ထရမ့်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေ ချဲ့ထွင်လာနိုင်အောင် အထောက်အကူ ပေးခဲ့ပါတယ်။

တရားရုံးချုပ် တရားသူကြီး ၉ ယောက်ထဲမှာ ၆ ယောက်က ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေ ရပ်တန့်သင့်ကြောင်း ဆုံးဖြတ်ပြီး ၃ ဦးကတော့ ထရမ့်ကို ထောက်ခံခဲ့ပါတယ်။ ထရမ့်က သူ့ကိုထောက်ခံတဲ့ တရားသူကြီး ၃ ဦးကိုတော့ ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး နိုင်ငံအပေါ် ချစ်ခင်စိတ်၊ ခိုင်မာတည်ကြည်မှုနဲ့ ဉာဏ်ပညာတွေကို ပြသသွားခဲ့ကြောင်း ချီးကျူးသွားပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုက လနဲ့ချီ ဆက်လက် ကြာမြင့်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။