Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပ မဟာမိတ် နိုင်ငံတွေမှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားဖို့ ပြင်သစ် စီစဉ်

မဟာမိတ် နိုင်ငံတွေဆီမှာ ပြင်သစ်ပိုင် နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားဖို့ စီစဉ်နေကြောင်း သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

မဟာမိတ် နိုင်ငံတွေဆီမှာ ပြင်သစ်ပိုင် နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားဖို့ စီစဉ်နေကြောင်း သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။

နျူကလီးယား လက်နက် တပ်ဆင်ထားတဲ့ ပြင်သစ် စစ်လေယာဉ်တွေကို မဟာမိတ် နိုင်ငံတွေမှာ ထားရှိဖို့ ရည်ရွယ်ကြောင်း မတ်လ ၂ ရက်နေ့တုန်းက မိန့်ခွန်းတစ်ခုထဲမှာ မာခရွန်က ထည့်ပြောသွားခဲ့ပါတယ်။ ဒီကိစ္စကို လက်တွေ့ အကောင်အထည် ဖော်ခဲ့မယ် ဆိုရင်တော့ ပြင်သစ်ရဲ့ နျူကလီးယား စစ်လက်နက်တွေကို အဲဒီလို နည်းလမ်းမျိုးနဲ့ ပြည်ပမှာ ပထမဆုံး ဖြန့်ကျက်ထားရှိမှု ဖြစ်လာမှာပါ။

ဘရက်စ်ဒေသမှာ ရှိနေတဲ့ ပြင်သစ်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘော အခြေစိုက်စခန်း Ile Longueမှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာတော့ မာခရွန်က ပြင်သစ် ဦးဆောင်တဲ့ နျူကလီးယား ကာကွယ်ဟန့်တားရေး အစီအမံတွေမှာ ပူးပေါင်းဖို့ ဂျာမနီ၊ ပိုလန်၊ ဆွီဒင်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပနိုင်ငံ ၈ ခုက သဘောတူထားပြီး ဖြစ်တယ်လို့ ထည့်သွင်း အသိပေးသွားခဲ့ပါတယ်။

မျက်မှောက်ကာလ အခြေအနေတွေကို ကြည့်ရင် သီးခြားရပ်တည်တာက လွတ်လပ်ခြင်း မဟုတ်နိုင်ဘူး ဆိုတဲ့အကြောင်း ဘယ်တုန်းကနဲ့မှ မတူအောင် အထင်အရှား ညွှန်ပြနေကြောင်း၊ ပြင်သစ်နဲ့ မဟာမိတ် နိုင်ငံတွေဟာ အန္တရာယ် များလွန်းတဲ့ ပထဝီဝင် နိုင်ငံရေး ကသောင်းကနင်း ဖြစ်စဉ်တွေကို ရင်ဆိုင် ကြုံတွေ့နေကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မာခရွန်ရဲ့ အဆိုအရ ပြင်သစ်ဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်မှုတွေကို ဥရောပတိုက် တစ်ခုလုံးရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ပြီး ခွဲဝေဖြန့်ကျက်မှာ ဖြစ်သလို ဥရောပ နိုင်ငံ ၈ ခုက ပူးပေါင်းဖို့ အသင့်ဖြစ်နေကြောင်း သိရပါတယ်။ ပြီးတော့ အဲဒီ အားထုတ်မှုမှာ အဓိက ပူးပေါင်းပေးမယ့် မိတ်ဖက်အနေနဲ့ ဂျာမနီက ကူညီလိမ့်မယ်လို့ ပြင်သစ် သမ္မတက ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဟာ ဥရောပ သမဂ္ဂ (EU)ထဲမှာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်ပါတယ်။

မာခရွန် မိန့်ခွန်းပြောအပြီး ပြင်သစ်နဲ့ ဂျာမနီ အစိုးရတွေ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ နျူကလီးယား မူဝါဒရေးရာ အစုအဖွဲ့ တစ်ခုကို ပူးပေါင်း ထူထောင်နေကြောင်း ဖော်ပြထားခဲ့ပါတယ်။ အဲဒီအစုအဖွဲ့ဟာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ လက်ရှိ နျူကလီးယား ကာကွယ်ရေး အစီအစဉ်တွေ နေရာမှာ အစားထိုးဖို့ မဟုတ်ဘဲ ရှိရင်းစွဲထက် ပိုကောင်းအောင် ပေါင်းစပ် အားဖြည့်ဖို့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ညှိနှိုင်းထားတဲ့ အစီအစဉ်တွေအရ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ ဂရိနဲ့ ဒိန်းမတ်တို့လို နိုင်ငံတွေဟာ ပြင်သစ်ရဲ့ နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ မဟာဗျူဟာ လေတပ်ဖွဲ့တွေ ဥရောပ အနှံ့ ဖြန့်ကျက်နိုင်ရေး အထောက်အကူ ဖြစ်စေမယ့် ယာယီ အခြေစိုက် စခန်းတွေ ထောက်ပံ့ပေးဖို့လည်း သဘောတူထားပါတယ်။

အဲဒီလို အစီအမံတွေဟာ ဥရောပ မဟာမိတ် နိုင်ငံတွေရဲ့ ရန်ဘက်တွေအတွက် စစ်ရေးပစ်မှတ် ရွေးချယ်ဖို့ ရှုပ်ထွေးမှုတွေ၊ အခက်အခဲတွေ ဖြစ်လာစေလိမ့်မယ်လို့ မာခရွန်က ပြောပါတယ်။

နောက်ပြီး ပြင်သစ်ရဲ့ နျူကလီးယား တိုက်ခိုက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေမှာ မဟာမိတ်တွေက ပိုပြီး ပူးပေါင်းလာနိုင်မယ့် အခြေအနေတွေ ဖန်တီးသွားမယ်လို့လည်း မာခရွန်က ဆိုပါတယ်။ သူက ဥရောပရဲ့ နျူကလီးယား ကာကွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တိုင်းကိုတော့ နျူကလီးယား လက်နက်ပိုင် နိုင်ငံဖြစ်တဲ့ ပြင်သစ်ကပဲ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဖို့ အရေးကြီးကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ အမေရိကန်မှာ သမ္မတ ဖြစ်လာတဲ့ ဒေါ်နယ်လ်ထရမ့်ဟာ ဥရောပရဲ့ လုံခြုံရေး ကဏ္ဍအတွက် အမေရိကန်ရဲ့ တာဝန်ယူမှုကို သိသိသာသာ လျှော့ချဖို့ စတင် ဦးတည်လာပါတယ်။ အကျိုးဆက် အနေနဲ့ ဥရောပ နိုင်ငံတွေကြားမှာ ယုံကြည် စိတ်ချရလောက်တဲ့ နျူကလီးယား ကာကွယ်ရေး အစီအမံတွေ ပိုင်ဆိုင်နိုင်ရေးအတွက် စိုးရိမ်တကြီး တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အီရန်ရဲ့ နျူကလီးယား စီမံကိန်း နေရာတွေနဲ့ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံကရတဲ့ ယူ​ရေနီယံနမူနာကိုပြပြီး ​ရောင်းချဖို့ကြိုးစားခဲ့

နိုင်ငံတကာ

အီရန်မှာ နျုကလီးယားလက်နက် ပိုင်ဆိုင်လာတာမျိုး လုံးဝ ခွင့်ပြုမပေးနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ် လေယာဉ်တင် သင်္ဘောနားမှာ ကြားဖြတ် ဟန့်တားခဲ့ရတဲ့ ဒရုန်းကို ရုရှားက စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ ဆွီဒင် စစ်တပ်က ပြောကြားခဲ့ပါတယ်။

Facebook