Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ ဖျက်ဆီးပစ်ရမယ့် ပစ်မှတ်တွေ ထောင်နဲ့ချီ ကျန်နေသေးတယ်လို့ အစ္စရေးပြော

အီရန်နိုင်ငံ ပိုင်နက်ထဲမှာ တိုက်ခိုက် ဖျက်ဆီးပစ်ရမယ့် ပစ်မှတ်ပေါင်း ထောင်နဲ့ချီ ကျန်နေဆဲလို့ အစ္စရေးက ပြောပါတယ်။

ဓာတ်ပုံ - AFP

အီရန်နိုင်ငံ ပိုင်နက်ထဲမှာ တိုက်ခိုက် ဖျက်ဆီးပစ်ရမယ့် ပစ်မှတ်ပေါင်း ထောင်နဲ့ချီ ကျန်နေဆဲလို့ အစ္စရေးက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲက လတစ်ဝက်ကျော် ကြာမြင့်လာပေမယ့် အီရန်မှာ ပစ်မှတ်တွေ အများအပြား ဆက်ပြီး ကျန်နေဆဲလို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် အက်ဖီ ဒက်ဖရင်က ပြောပါတယ်။

တစ်ဖက်မှာတော့ အီရန်က အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ စစ်ပွဲမှာ အမေရိကန်ကို ကူညီဖို့ ပါဝင်ပတ်သက်တာတွေ လုံးဝ မလုပ်ကြဖို့ သတိပေးခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံတချို့ဟာ သူတို့ရဲ့ ပိုင်နက်ထဲက အမေရိကန် စစ်စခန်းတွေကို အီရန်မှာ ဗုံးကြဲတဲ့ မစ်ရှင်တွေအတွက် အသုံးပြုခွင့် ပေးထားကြောင်း အထောက်အထားတွေ အများကြီး ရထားတယ်လို့ အီရန်က ဆိုပါတယ်။

စစ်ပွဲကာလမှာ အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ချထားတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အဲဒီ ရေလက်ကြား ပြန်ဖွင့်နိုင်ရေးကိစ္စ မဟာမိတ် နိုင်ငံတွေကပါ စစ်ရေးအရ အကူအညီပေးဖို့ ကြိုးစား စည်းရုံးနေပါတယ်။ ဟောမုဇ်ဟာ နိုင်ငံတကာ ရေနံတင်ပို့မှုအတွက် အသက်သွေးကြော လမ်းကြောင်းတစ်ခုဖြစ်ပြီး အဲဒီ ရေလက်ကြား အပိတ်ခံထားရခြင်းက ကမ္ဘာတလွှားမှာ စွမ်းအင် ဖူလုံမှုဆိုင်ရာ စိုးရိမ်စရာ အခြေအနေတွေကို ကြုံတွေ့လာစေပါတယ်။

Public Service Announcement

Public Service Announcement

ဟောမုဇ် ရေလက်ကြားထဲကို နိုင်ငံတကာ ရေတပ်သင်္ဘောတွေ ခေါ်သွင်းချင်တဲ့ ထရမ့်ရဲ့ စိတ်ကူးဟာ ပြဿနာတွေကို ဟန့်တားဖို့ထက် ဖိတ်ခေါ်သလို ဖြစ်လာလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက ပြောပါတယ်။ ပြီးတော့ အာရပ်အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ နိုင်ငံခြားက ရန်လို ကျူးကျော်သူတွေကို ပူးပေါင်း တွန်းလှန်သင့်တယ်လို့ သူက လူမှုကွန်ရက်မီဒီယာ Xမှာ တိုက်တွန်း ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ကူဝိတ်မှာရှိတဲ့ အလီအယ်လ်ဆာလမ် လေတပ်စခန်းကို ဒရုန်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီး အီတလီ စစ်တပ်က ပိုင်ဆိုင်တဲ့ မောင်းသူမဲ့ လေယာဉ်တစ်စီး ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစခန်းမှာ အခြေစိုက်ထားတဲ့ အီတလီ တပ်ဖွဲ့တွေတော့ ထိခိုက်မှု မရှိခဲ့ကြောင်း အီတလီ နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

ဒီကိစ္စဟာ အရှေ့အလယ်ပိုင်းမှာ ရှိနေတဲ့ အီတလီ စစ်အခြေစိုက် စခန်းတွေ တစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခံရမှု ဖြစ်လာပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို တာဂျနီကတော့ အီတလီဟာ အီရန်အပါအဝင် ဘယ်သူနဲ့မှ စစ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး အီရန်အပေါ် လက်တုံ့ပြန်နိုင်ခြေကို ငြင်းဆိုခဲ့ပါတယ်။

အီရန်စစ်ပွဲ ကာလအတွင်း အစ္စရေးနဲ့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ အပါအဝင် လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂက စစ်ပွဲကြောင့် အီရန်မှာ လူပေါင်း ၃.၂ သန်းလောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း ပြောပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က စစ်ပွဲကာလ နှစ်ပတ်အတွင်း အစ္စရေးနဲ့ အမေရိကန် ပူးပေါင်းပြီး အီရန်မှာ ပစ်မှတ်ပေါင်း ၁၅၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်ကြား စစ်ပြေငြိမ်းရေး ကနဦးအဆင့် သဘောတူညီမှု တစ်ခုကို ဇွန်လ ၁၄ ရက်နေ့မှာ လက်မှတ် ရေးထိုးနိုင်ဖွယ် ရှိနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။