မူးယစ်ဆေးဝါး မှောင်ခိုမှု စွပ်စွဲချက်တွေကို ပယ်ဖျက်ပေးဖို့ ဗင်နီဇွဲလား သမ္မတဟောင်း နစ်ကိုလက်စ် မာဒူရိုရဲ့ ရှေ့နေအဖွဲ့က တောင်းဆိုခဲ့ပေမယ့်လည်း အမေရိကန် တရားသူကြီး တစ်ဦးက ငြင်းဆန်ခဲ့ပါတယ်။
နှစ်ဆန်းပိုင်းတုန်းက အမေရိကန် အထူးကွန်မန်ဒိုတွေက ပြည်တွင်းထိ ဝင်ရောက် ဖမ်းဆီးတာ ခံခဲ့ရတဲ့ မာဒူရိုဟာ မတ်လ ၂၆ ရက်နေ့မှာ နယူးယောက်မြို့ တရားခွင် တစ်ခုဆီ ထပ်မံ ရောက်ရှိလာခဲ့ပါတယ်။ မာဒူရိုကို အမေရိကန် အစိုးရ ရှေ့နေတွေက မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ စွဲချက်တင်ထားတဲ့အပေါ် ပယ်ဖျက်ပေးဖို့ ရှေ့နေတစ်ယောက်က တောင်းဆိုခဲ့ပေမယ့် ခရိုင် တရားသူကြီး အယ်လ်ဗင် ဟယ်လာစတိန်းက ငြင်းပယ်သွားခဲ့ပါတယ်။
တရားခွင်မှာတော့ မာဒူရိုနဲ့အတူ ဖမ်းဆီးခေါ်ဆောင် ခံလာရတဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်လည်း စစ်ဆေးမေးမြန်းမှုတွေကို ခံခဲ့ရပါတယ်။
မာဒူရိုရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဘယ်ရီပိုလော့ခ်က အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် မာဒူရိုဟာ မူးယစ်ဆေးဝါး မှောင်ခိုမှု စွပ်စွဲချက်ကို လျှောက်လဲနိုင်မယ့် ငွေကြေး ပေးချေမှုတွေ မလုပ်နိုင်ကြောင်း၊ ဒါကြောင့် စွဲချက်ကို ပယ်ဖျက်ပေးစေလိုကြောင်း တရားသူကြီးကို တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
ဟယ်လာစတိန်းက သူဟာ စွဲချက်ကို ပယ်ဖျက်ပေးမှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပေမယ့် အဲဒီစွဲချက်အတွက် ကြားနာမှုတွေကိုတော့ ရွှေ့ဆိုင်းစေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နေ့မှာ ထပ်ပြီး ရုံးချိန်း သတ်မှတ်မလဲ ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ မာဒူရို အနေနဲ့ တရားရေးအရ ခုခံမှုတွေအတွက် လိုအပ်တဲ့ ငွေကြေးကို ဗင်နီဇွဲလား အစိုးရဆီကနေ ထုတ်နုတ် သုံးစွဲဖို့ တရားသူကြီးက ခွင့်ပြုမလား ဆိုတာကိုလည်း မသိရသေးပါဘူး။
မာဒူရိုတို့ ဇနီးမောင်နှံဟာ မက်ဟမ်တန်မှာရှိတဲ့ တရားရုံးဆီကို အရုဏ်မတက်ခင် ကတည်းက လုံခြုံရေး အထူးတင်းကျပ်တဲ့ အခြေအနေနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အမေရိကန်က မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ ကိစ္စအပေါ် ထောက်ခံသူတွေရော၊ ဆန့်ကျင်သူတွေပါ အင်အား အများအပြားနဲ့ စုဝေးပြီး တရားရုံးနားမှာ ဆန္ဒပြခဲ့တာကြောင့် တရားခွင် စစ်ဆေးကြားနာနေမှုအတွင်း လုံခြုံရေးကို အထူးကြပ်မတ် မြှင့်တင်ထားခဲ့ရပါတယ်။
ဆန္ဒပြတဲ့ အဖွဲ့တစ်ခုက မာဒူရို ထောင်ထဲမှာ အရိုးဆွေးပါစေလို့ ကျိန်ဆဲထား သီချင်းစာသားတွေကို အော်ဟစ် သီဆိုနေပြီး တခြား တစ်ဖွဲ့ကတော့ သမ္မတ မာဒူရိုကို လွှတ်ပေး ဆိုတဲ့ စာတန်းကို ကိုင်ဆောင်လာပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့တုန်းက အမေရိကန်ရဲ့ အထူးစစ်ဆင်ရေး တစ်ခုအတွင်း ကွန်မန်ဒိုတွေက ကရာကက်စ် မြို့ထဲက သမ္မတ အိမ်တော်ထဲထိ ဝင်စီးပြီး မာဒူရိုနဲ့ ဇနီးဖြစ်သူကို ဖမ်းဆီး ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက မာဒူရိုကို မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေအတွက် စွပ်စွဲထားပြီး မာဒူရိုကတော့ လုံးဝ အပြစ်မရှိကြောင်း အခိုင်အမာ ငြင်းဆိုထားပါတယ်။
ကိုးကား: NBC
ဓာတ်ပုံ – Getty


















































