အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဟောမုဇ် ရေလက်ကြားကနေ သင်္ဘောအားလုံး ဖြတ်သန်းခွင့်ကို ပိတ်ထားမယ့်အကြောင်း ကြေညာခဲ့ပြီး အဲဒီ ပိတ်ဆို့မှုဟာ ဧပြီ ၁၃ ရက်မှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပါကစ္စတန်နိုင်ငံမှာ နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ နာရီပေါင်း ၂၀ ကျော် ဆွေးနွေးခဲ့မှုမှာ ကိစ္စ အတော်များများက ချောမွေ့ခဲ့ပြီး သဘောတူညီမှုတွေ ရခဲ့ပေမယ့် အီရန်ဟာ နျူကလီးယား စီမံကိန်းကို အပြီးတိုင် စွန့်လွှတ်ရေးမှာတော့ ခေါင်းမာနေခဲ့တယ်လို့ ထရမ့်က စွပ်စွဲခဲ့ပါတယ်။
အဲဒီ ခေါင်းမာမှုကို တုံ့ပြန်ဖို့ အတွက်လည်း အီရန်ကမ်းလွန်မှာ ရှိနေပြီး အစောပိုင်းမှာ အီရန်က ထိန်းချုပ်ထားတဲ့ ဟောမုဇ် ရေလက်ကြားကို အမေရိကန်က ရေတပ်အင်အားနဲ့ ပိတ်ဆို့ထားဖို့ ထရမ့်က အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ အမေရိကန် ရေတပ်ဟာ ဟောမုဇ် ရေလက်ကြားကို ဝင်ရောက်ဖို့၊ ဒါမှမဟုတ် ထွက်ခွာဖို့ ကြိုးစားတဲ့ ရေယာဉ်တိုင်းကို စတင် ပိတ်ဆို့မှာ ဖြစ်တယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ ရေးသားခဲ့ပါတယ်။ အမေရိကန် ရေယာဉ်တွေကိုဖြစ်စေ၊ တခြား ငြိမ်းချမ်းစွာ ရှိနေတဲ့ သင်္ဘောတွေကိုဖြစ်စေ ပစ်ခတ်မိတဲ့ အီရန်မှန်သမျှ ငရဲနဲ့ ကြုံသွားစေမယ်လို့လည်း သူက ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement
အဲဒီ ပိတ်ဆို့မှုကို NATO စစ်မဟာမိတ် နိုင်ငံတွေကလည်း အမေရိကန်နဲ့ လက်တွဲ ကူညီဖို့ ဆန္ဒရှိနေကြတယ်လို့လည်း ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ NATO အဖွဲ့ဝင်ဖြစ်ပြီး အမေရိကန်နဲ့ အနီးကပ်ဆုံး မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ ဗြိတိန်ကတော့ ဟောမုဇ်က အီရန် ဆိပ်ကမ်းတွေကို ရေတပ်အင်အားနဲ့ ပိတ်ဆို့ထားမယ့် အမေရိကန်ရဲ့ အားထုတ်မှုမှာ ပူးပေါင်းပါဝင်မှာ မဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။
ဒီအတောအတွင်း အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ဟောမုဇ်ဆီ စစ်သင်္ဘောတွေ ချဉ်းကပ်လာမှုဟာ လက်ရှိ ရယူထားတဲ့ နှစ်ပတ်ကြာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခြင်းအဖြစ် မှတ်ယူပြီး ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ကမ္ဘာ့ရေနံတင်ပို့မှု ကဏ္ဍမှာ အသက်သွေးကြော ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ဟာ လက်ရှိ အချိန်ထိ အီရန်ရဲ့ ပါးနပ်တဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်ရှိနေဆဲလို့ ဧပြီ ၁၂ ရက်နေ့တုန်းက IRGCရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိခဲ့ပါတယ်။
အီရန်မှာ အပစ်ရပ်ပြီး ပါကစ္စတန်မှာ နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ သတင်းတွေကြောင့် ခဏတာ ကျဆင်းသွားခဲ့တဲ့ ရေနံစျေးဟာ အမေရိကန်က ဟောမုဇ်ကို ပိတ်ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် တစ်စည်ကို ဒေါ်လာ ၁၀၀ အထက် ပြန်လည် မြင့်တက်သွားပြန်ပါတယ်။
ကိုးကား: Guardian


















































