စစ်ပွဲရပ်စဲနိုင်ရေး အီရန်နဲ့ သဘောတူညီမှု တစ်ခု မကြာခင် ရရှိလာမယ်လို့ ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့မှာ ဆွေးနွေးခဲ့ကြပေမယ့် အပြီးသတ် သဘောတူညီမှု တစ်ခုခု မရယူနိုင်ဘဲ အဆုံးသတ်ခဲ့ပါတယ်။
အခု သီတင်းပတ်ကုန်မှာ နောက်ထပ် ဆွေးနွေးမှုတွေ ရှိလာနိုင်သလို လက်ရှိ ရယူထားတဲ့ နှစ်ပတ်ကြာ အပစ်ရပ် ကာလကို သက်တမ်း ထပ်တိုးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ အီရန်ကိုယ်တိုင်က သဘောတူညီမှု တစ်ခုကို လိုလားနေပြီ ဖြစ်တာကြောင့် အဲဒီလို အပစ်ရပ်ကာလ သက်တမ်း ထပ်တိုးတာမျိုးတောင် မလိုလောက်ဘူးလို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။
ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ဖို့လိုကြောင်း၊ ဒါပေမဲ့ အပြီးသတ် သဘောတူညီမှု တစ်ခုအတွက် အရမ်းနီးကပ်နေပြီလို့ သူထင်ကြောင်း ထရမ့်က အိမ်ဖြူတော်ရှေ့မှာ ဧပြီ ၁၆ ရက်နေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement
အဲဒီနောက် သူဟာ လက်စ်ဗီးဂက်စ်ကို ရောက်ရှိခဲ့ပြီး အီရန်စစ်ပွဲက သိပ်မကြာခင်မှာတင် အဆုံးသတ်သွားသင့်တယ်လို့ ယူဆကြောင်း ထပ်လောင်း မှတ်ချက်ပေးခဲ့ပြန်ပါတယ်။
အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ ထရမ့်ရဲ့ စစ်ရေးဆုံးဖြတ်ချက်ဟာ အမေရိကန်မှာတော့ လူကြိုက်မများခဲ့ပါဘူး။ ဒါ့အပြင် အမေရိကန်မှာ သက်တမ်းဝက် ရွေးကောက်ပွဲကလည်း နီးကပ်လာပြီ ဖြစ်တာကြောင့် စစ်ပွဲ နောက်ဆက်တွဲ ကြုံလာတဲ့ အကျပ်အတည်းတွေက ထရမ့်အတွက် နိုင်ငံရေးအရ ခေါင်းကိုက်စရာ အခြေအနေတွေ ကြုံလာစေပါတယ်။
အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲရပ်စဲစေရေးအတွက် အဓိက ကြားဝင် စေ့စပ်ပေးနေတဲ့ ပါကစ္စတန် အစိုးရရဲ့ သံတမန်ရေး သတင်းရင်းမြစ် တချို့ကတော့ ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ နောက်ကွယ်က ညှိနှိုင်းမှုတွေ ဆက်တိုက် တိုးတက်နေတယ်လို့ ဧပြီ ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဖြစ်နိုင်ခြေက နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာ တစ်ခုကို ကနဦး လက်မှတ်ရေးထိုးပြီး နောက်ထပ် ရက်ပေါင်း ၆၀ အတွင်းမှာတော့ အပြီးသတ် သဘောတူညီမှု တစ်ခုကို အသေးစိတ် ညှိနှိုင်းပြီး စာချုပ်ချုပ်ဆိုတာမျိုးလို့ သံတမန်ရေး ရင်းမြစ်တစ်ဦးက ပြောပါတယ်။
လောလောဆယ်တော့ နှစ်ဖက်စလုံးက အခြေခံကျတဲ့ မူတွေကို သဘောတူထားကြောင်း၊ အသေးစိတ် အချက်အလက်တွေကတော့ နောက်ထပ် ညှိနှိုင်းမှုတွေ အပြီးမှာ ထွက်ပေါ်လာနိုင်ကြောင်း အဲဒီ ရင်းမြစ်က ဆိုပါတယ်။
အီရန်နဲ့ အမေရိကန် စစ်ရပ်စဲရေး သဘောတူညီချက် နီးစပ်လာကြောင်း သတင်းတွေကြောင့် ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ နိုင်ငံတကာ ရေနံစျေးက ကျရိပ်ပြန်ပြခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – AP


















































