Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်ကို ပြန်ပိတ်ပြီးတဲ့နောက် ရေယာဉ်တွေကို အီရန် ပစ်ခတ်

ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ အီရန်စစ်တပ်ရဲ့ တိုက်ခိုက်ရေး မော်တော်ဘုတ်တွေက အရပ်ဖက် ကုန်စည်နဲ့ ရေနံတင်တဲ့ သင်္ဘော အနည်းဆုံး နှစ်စီးကို ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Wikimedia

ဧပြီ – ၁၈ ၊၂၀၂၆

ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ အီရန်စစ်တပ်ရဲ့ တိုက်ခိုက်ရေး မော်တော်ဘုတ်တွေက အရပ်ဖက် ကုန်စည်နဲ့ ရေနံတင်တဲ့ သင်္ဘော အနည်းဆုံး နှစ်စီးကို ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အီရန်က နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ ရှိနေတဲ့ နိုင်ငံတကာ ရေနံနဲ့ လောင်စာတင်ပို့မှု အဓိက ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ကြောင်း ဧပြီ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ်က ဆက်လက် ပိတ်ဆို့ထားတဲ့အတွက် ဧပြီ ၁၈ ရက်နေ့မှာ ဟောမုဇ်ကို ပြန်ပိတ်လိုက်ကြောင်း အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နာရီပိုင်းလောက် အကြာမှာတင်ပဲ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ လက်နက် တပ်ဆင်ထားတဲ့ အပေါ့စား တိုက်ခိုက်ရေး ရေယာဉ်နှစ်စီးက သင်္ဘောတွေကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အိုမန် ကမ်းရိုးတန်းရဲ့ အရှေ့မြောက်ဖက် ရေမိုင် ၂၀ လောက် အကွာမှာ IRGC ရေယာဉ်တွေက အရပ်ဖက် ကုန်တင်သင်္ဘောတွေကို ဘာမှ ကြိုတင် သတိပေးတာမျိုး မရှိဘဲ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဗြိတိန် ရေကြောင်းကုန်သွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ သင်္ဘောတွေထဲက တစ်စီးကို ထိမှန်ခဲ့ပေမယ့် သင်္ဘောသားတွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ သိရပါတယ်။

အမေရိကန် အစိုးရ လုံခြုံရေး အရာရှိ တစ်ဦးကတော့ IRGCဟာ ဟောမုဇ်ကို ပြန်ပိတ်ကြောင်း ကြေညာပြီးနောက်ပိုင်း တတိယမြောက် ကုန်သွယ်ရေကြောင်း သင်္ဘောတစ်စီးကိုလည်း တိုက်ခိုက်ခဲ့သေးကြောင်း ပြောပါတယ်။

အီရန် အစိုးရ အဓိပတိသစ် မော့ဂျ်တာဘာ ခါမေနီက ဟောမုဇ်ကို ပြန်လည် ပိတ်ဆို့လိုက်တဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ပြီးတဲ့နောက် ရှုံးနိမ့်မှု အသစ်တွေရဲ့ ခါးသီးမှု အရသာကို ရန်သူတွေ ကျိန်းသေပေါက် သိနားလည်သွားစေရမယ်လို့ ကြေညာခဲ့ပါတယ်။

အီရန်စစ်ပွဲ အစောပိုင်းမှာ ဖခင်ဖြစ်သူ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီ လုပ်ကြံ ခံခဲ့ရတဲ့နောက် သူ့ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ မော့ဂျ်တာဘာဟာ စစ်ပွဲကာလ တလျှောက်လုံးနီးပါး နှုတ်ဆိတ်နေခဲ့ရာက အခုလို ရှားရှားပါးပါး ကြေညာချက်မျိုး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အီရန် တပ်တွေဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပျော့ကွက်နဲ့ အားနည်းချက်တွေကို တစ်ကမ္ဘာလုံးသိအောင် လူသိရှင်ကြား ဖော်ထုတ် အရှက်ခွဲနိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုတွေ မဖယ်ရှားရင် အီရန်ကလည်း ဟောမုဇ်ကို ပြန်ပိတ်နိုင်ကြောင်း ကြိုတင် သတိပေးခဲ့ချိန် ကတည်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ရေလက်ကြားနားက အမေရိကန်ရဲ့ စစ်ရေး ဖြန့်ကျက်မှုတွေကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ပြောကြားထားခဲ့ပါတယ်။

အီရန်နဲ့ အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခုခု မရမချင်း အမေရိကန်ဟာ ဟောမုဇ်မှာ အီရန်နဲ့ ဆက်စပ်တဲ့ ရေယာဉ်တွေ ဖြတ်သန်းခုတ်မောင်းမှုကို ဆက်လက် ပိတ်ဆို့ထားမယ်လို့ ထရမ့်က ကြေညာထားပါတယ်။

ဟောမုဇ်ကို အီရန်က ပြန်ပိတ်ပြီး အရပ်ဖက် ရေယာဉ်တွေကို တိုက်ခိုက်လာတဲ့ ဖြစ်စဉ်အပြီးမှာတော့ ထရမ့်ဟာ အိမ်ဖြူတော်မှာ မိန့်ခွန်းပြောဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။