Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စစ်သင်္ဘောတစ်စီး နာရီအတော်ကြာအောင် စက်ချွတ်ယွင်း ရပ်တန့်နေခဲ့

အမေရိကန် ရေတပ်သင်္ဘော တစ်စီးဟာ စက်ချွတ်ယွင်းပြီး ပင်လယ်သမုဒ္ဒရာထဲမှာ နာရီတွေ အတော်ကြာအောင် ရပ်တန့်နေခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - US Marine Corps/File

အမေရိကန် ရေတပ်သင်္ဘော တစ်စီးဟာ စက်ချွတ်ယွင်းပြီး ပင်လယ်သမုဒ္ဒရာထဲမှာ နာရီတွေ အတော်ကြာအောင် ရပ်တန့်နေခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၂၈ ရက်နေ့တုန်းက ပဲ့ထိန်း ဒုံးကျည်တပ် USS Higgins ဖျက်သင်္ဘောဟာ အင်ဒို-ပစိဖိတ် ရေပြင် တစ်နေရာမှာ ခုတ်မောင်းနိုင်စွမ်း ပျောက်ဆုံးသွားတဲ့ အခြေအနေကို ဖြတ်သန်း ကြုံတွေ့ခဲ့ကြေင်း ရေတပ်က အတည်ပြုခဲ့ပါတယ်။

ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ သင်္ဘောရဲ့ အီလက်ထရောနစ် စနစ်တွေမှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ ပြဿနာတစ်ခု ကြုံတွေ့ခဲ့ပြီး စက်ရပ်သွားတာလို့ ဖော်ပြထားပါတယ်။ တချို့သတင်းတွေက သင်္ဘောပေါ်မှာ မီးလောင်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ရေးသားခဲ့ပေမယ့် ရေတပ်ကတော့ တိတိကျကျ အတည်မပြုခဲ့ပါဘူး။

အီလက်ထရောနစ် စနစ်တွေ ရပ်ဆိုင်းသွားတဲ့ အခြေအနေမျိုးဟာ ရေယာဉ်ပေါ်က အမှုထမ်း ၃၀၀ လောက်ကို ပင်လယ်ထဲမှာ အကူအညီမဲ့သလို ဖြစ်သွားစေနိုင်တယ်လို့ ရေတပ်ရေးရာ သုတေသီ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန် ရေတပ် ထုတ်ပြန်ချက်မှာတော့ USS Higginsပေါ်က ရေတပ်သားတွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အမှတ် ၇ ရေတပ်မရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မက်သရူး ကိုမာက စနစ်ချွတ်ယွင်းချက်ကြောင့် သင်္ဘော တစ်စီးလုံးမှာ ဓာတ်အားလုံးဝ ပြတ်တောက်သွားခဲ့တာလို့ ပြောပါတယ်။ အဲဒီပြဿနာကြောင့် သင်္ဘောထဲမှာ မီးပွားတွေ ပွင့်ထွက်တာ၊ မီးခိုးတွေ ထွက်လာတာမျိုး ဖြစ်ရပ်တွေလည်း ကြုံခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဖျက်သင်္ဘောရဲ့ ဓာတ်အားနဲ့ ခုတ်မောင်းနိုင်စွမ်းတွေ ပုံမှန် ပြန်အလုပ်လုပ်လာအောင် ပြင်ဆင်နိုင်ခဲ့ကြောင်း သူက အတည်ပြုခဲ့ပါတယ်။ နောက်ထပ် ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးကတော့ ရေယာဉ်ပေါ်က ဓာတ်အား ပြတ်တောက်မှုဟာ နာရီတချို့ ကြာမြင့်ခဲ့ကြောင်း သီးခြား မှတ်ချက်ပေးခဲ့ပါတယ်။

သင်္ဘောက ပင်လယ်ပြင်ကျယ်ကြီးမှာ လှုပ်လည်းလှုပ်မရ၊ အီလက်ထရောနစ် လမ်းညွှန်စနစ်တွေလည်း သုံးမရဘဲ မျက်စိကန်းသလို ဖြစ်နေခဲ့လိမ့်မယ်လို့ အမေရိကန် ရေတပ် ဗိုလ်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ ကားလ်ရှူစတာက ပြောပါတယ်။ ဖျက်သင်္ဘောတွေပေါ်မှာ အရေးပေါ် အသုံးပြုဖို့ ဒီဇယ် မီးစက်တွေ ရှိပေမယ့်လည်း အဲကွန်းနဲ့ ဆက်သွယ်ရေး စနစ်တွေ အသုံးပြုနိုင်ရုံလောက်သာ လုံလောက်ကြောင်းလည်း သူက ဆိုပါတယ်။

ဖျက်သင်္ဘောဟာ အင်ဒို-ပစိဖိတ် ရေပြင်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ပြဿနာ ကြုံခဲ့သလဲ ဆိုတာကိုတော့ ရေတပ်က တိတိကျက ထုတ်ပြန်မထားပါဘူး။ ချွတ်ယွင်းမှု ဖြစ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။

USS Higginsလိုမျိုး Arleigh Burkeအဆင့် ဖျက်သင်္ဘောတွေဟာ အမေရိကန် ရေတပ်ရဲ့ စစ်ဆင်ရေးတွေအတွက် ဘက်စုံ အသုံးအတည့်ဆုံး ရေပေါ်သင်္ဘောတွေအဖြစ် သတ်မှတ် ခံထားရပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပထမဆုံး စတင် အသုံးပြုခဲ့တဲ့ ရေယာဉ်တွေဟာ ၅၀၅ ပေရှည်ပြီး တန်ချိန် ၈၂၀၀ လောက် လေးလံပါတယ်။ အဲဒီသင်္ဘောတွေမှာ Aegis တိုက်ခိုက်ရေး စနစ်ကို တပ်ဆင်ထားပြီး Tomahawkလို တာဝေး ခရုစ်ဒုံးကျည်တွေကို ပစ်ခတ်နိုင်ပါတယ်။ အမေရိကန် ရေတပ်ဟာ Arleigh Burkeအဆင့် ဖျက်သင်္ဘော အစီးရေ ၇၀ ကျော် ပိုင်ဆိုင်ထားပါတယ်။

မတ်လ ၁၂ ရက်နေ့တုန်းကလည်း အမေရိကန် ရေတပ်ရဲ့ USS Gerald R. Ford လေယာဉ်တင် သင်္ဘောကြီးရဲ့ အဝတ်လျှော်တဲ့ အခန်းကနေ မီးလောင်ခဲ့တာကြောင့် ရေတပ်သား ၂ ဦး ဒဏ်ရာရခဲ့ပြီး ရေယာဉ်ကိုလည်း ကမ်းကပ်ပြင်ဆင်ခဲ့ရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ