Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား စစ်ရေးပြ ချီတက်ပွဲကို ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်နိုင်ကြောင်း ယူကရိန်း သမ္မတ သတိပေး

ရုရှားရဲ့ အရေးအကြီးဆုံး စစ်ရေးပြ ချီတက်ပွဲ တစ်ခုဆီ ယူကရိန်းရဲ့ ဖောက်ခွဲရေး ဒရုန်းတွေ ရောက်ရှိလာနိုင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - AP

ရုရှားရဲ့ အရေးအကြီးဆုံး စစ်ရေးပြ ချီတက်ပွဲ တစ်ခုဆီ ယူကရိန်းရဲ့ ဖောက်ခွဲရေး ဒရုန်းတွေ ရောက်ရှိလာနိုင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီဂျာမနီကို အနိုင်ရခဲ့တဲ့ အောင်ပွဲနေ့ နှစ်ပတ်လည် အခမ်းအနား စစ်ရေးပြ ချီတက်ပွဲတွေကို မေလ ၉ ရက်နေ့ကျရင် မြို့တော် မော်စကိုမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အောင်ပွဲနေ့ဟာ ရုရှားမှာတော့ အရေးအကြီးဆုံး အစိုးရ ရုံးပိတ်ရက်တွေထဲက တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ နှစ်စဉ် အဲဒီနေ့ရောက်တိုင်း မော်စကိုက ရင်ပြင်နီမှာ ရုရှားရဲ့ ကြီးမားတဲ့ စစ်ရေးပြ ချီတက်ပွဲတွေကို ခမ်းခမ်းနားနား ကျင်းပလေ့ ရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ယူကရိန်း စစ်ပွဲနဲ့ ဆက်နွှယ်တဲ့ လုံခြုံရေး အခြေအနေတွေအရ ချီတက်ပွဲရဲ့ အတိုင်းအတာ ပမာဏကို သိသိသာသာ လျှော့ချသွားဖွယ် ရှိနေပါတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အဲဒီ ချီတက်ပွဲမှာ တင့်ကားတွေ၊ ဒုံးကျည်စနစ်တွေ၊ လက်နက်ကြီးတွေကို ထုတ်မပြဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အာမေးနီးယား နိုင်ငံမှာ ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုကို တက်ရောက်ခဲ့ချိန်မှာတော့ ဇီလန်စကီးက ရုရှားဟာ လွန်ခဲ့တဲ့ နှစ်တချို့တုန်းကလိုမျိုး အားကောင်းတဲ့ စစ်ရေးစုဖွဲ့မှုမျိုး မပိုင်ဆိုင်တော့ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

မေလ ၉ ရက်နေ့ကျရင် စစ်ရေးပြ ချီတက်ပွဲတစ်ခု လုပ်မယ့်အကြောင်း ရုရှားက ကြေညာထားကြောင်း၊ ဒါပေမဲ့ အကြီးစား စစ်လက်နက် စနစ်တွေကို ခင်းကျင်းပွဲထုတ်နိုင်မှာ မဟုတ်ကြောင်း၊ ဒါဟာ နှစ်တော်တော်များများ အတွင်းမှာ ရုရှားအနေနဲ့ သူတို့ အင်မတန် ဂုဏ်ယူတဲ့ ချီတက်ပွဲကြီးမှာ အကြီးစား လက်နက်စနစ်တွေ ထုတ်မပြနိုင်တဲ့ ပထမဆုံးအကြိမ် ဖြစ်လာကြောင်း သူက ဆိုပါတယ်။

ဒါတင်မကသေးဘဲ ယူကရိန်းရဲ့ တာဝေးပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေဟာလည်း စစ်ရေးပြ ချီတက်ပွဲကို တိုက်ခိုက်လာနိုင်တဲ့ အခြေအနေ ရှိနေကြောင်း၊ ဒါတွေ အားလုံးကို ခြုံကြည့်ရင် ရုရှားရဲ့ စစ်ရေးစွမ်းရည်ဟာ အရင်ကလို မတောင့်တင်းတော့မှန်း မြင်သာစေကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

မေလ ၄ ရက်နေ့ မနက်အစောပိုင်းတုန်းက ယူကရိန်း ဒရုန်းတစ်စီးဟာ မော်စကိုမြို့ထဲက အထပ်မြင့်တိုက် တစ်လုံးကို ထိမှန်ပေါက်ကွဲခဲ့တာကြောင့် ဇီလန်စကီးရဲ့ ခြိမ်းခြောက်စကားဟာ ရုရှားအတွက် ပေါ့ပေါ့ဆဆ သဘောထားလို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှားအစိုးရ ရုံးစိုက်တဲ့ ကရင်မလင် နန်းတော်ကလည်း စစ်ရေးပြပွဲမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ ယူကရိန်းရဲ့ အားထုတ် ကြိုးစားမှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဇီလန်စကီးကတော့ လာမယ့် လအနည်းငယ်အတွင်း စစ်မြေပြင် အခြေအနေတွေနဲ့ ရလဒ်တွေဟာ ရုရှား-ယူကရိန်း စစ်ပွဲရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အထူးအရေးကြီးလာနိုင်တယ်လို့ ဆိုပါတယ်။

လာမယ့် နွေရာသီဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သူဘာဆက်လုပ်မလဲ ဆိုတာကို ဆုံးဖြတ်တဲ့ ကာလ ဖြစ်လာနိုင်ကြောင်း၊ စစ်ပွဲကို ထပ်ပြီး ချဲ့ထွင်မလား၊ သံတမန် လမ်းကြောင်းကို ရွေးမလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်း၊ ယူကရိန်း အနေနဲ့တော့ ပူတင်က သံတမန်ရေး ဆွေးနွေးမှုတွေကို ရွေးချယ်ဖြစ်အောင် ဖိအားပေးရမှာဖြစ်ကြောင်း ဇီလန်စကီးက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: TVP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ကြားဝင် စေ့စပ်ပေးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ကြောင်း ယူကရိန်းနဲ့ ရုရှားတို့က အပြန်အလှန် စွပ်စွဲ ပြောကြားခဲ့ကြပါတယ်။

သတင်း

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ စစ်ရေးပဋိပက္ခဟာ အဆုံးသတ်ကာလ နီးကပ်လာပြီလို့ သူယူဆကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းတို့ကြား ၃ ရက်ကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

Facebook