တစ်ဖက်သတ် အပစ်ရပ်မယ့် ကာလတွေ အပြိုင်အဆိုင် ကြေညာပြီးတဲ့နောက် ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
အခု သီတင်းပတ် အစောပိုင်းမှာ ရုရှားရော၊ ယူကရိန်းပါ အပစ်အခတ် ရပ်စဲမယ့် ကာလတွေကို သီးခြားစီ ကြေညာခဲ့ကြပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီကို ဆိုဗီယက် တပ်တွေက အနိုင်ယူခဲ့တဲ့ အောင်ပွဲနေ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ အပစ်ရပ်ထားမယ်လို့ ရုရှားက ကြေညာခဲ့ပါတယ်။ ယူကရိန်းကတော့ မေလ ၆ ရက်နေ့ကစလို့ အပစ်ရပ်ထားမယ်လို့ ပြောပါတယ်။ အဲဒီ အပစ်ရပ် ကာလ ဘယ်အချိန် ပြီးဆုံးမလဲ ဆိုတာကိုတော့ ယူကရိန်းက အတိအကျ ကြိုတင် သတ်မှတ်မထားပါဘူး။
ဒါပေမဲ့ ယူကရိန်း ကြေညာထားတဲ့ အပစ်ရပ်ကာလ မတိုင်ခင် မေလ ၅ ရက်နေ့မှာ ရုရှားက ယူကရိန်းနိုင်ငံအနှံ့ မြို့ကြီးတွေကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ရတာပါ။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အဲဒီတိုက်ခိုက်မှုတွေဟာ ဆိုးယုတ်ညစ်ပတ်လွန်းတဲ့ အကြမ်းဖက် လုပ်ရပ်မျိုးတွေလို့ စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

Public Service Announcement
ဇာပေါ့ရစ်ဇီရာဒေသ အာဏာပိုင်တွေက ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ၁၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဇီလန်စကီးကတော့ ခရာမာတော့စ်ခ်မှာ ၅ ဦး၊ ဒီနီပရိုမှာ ၄ ဦး အသေအပျောက် ရှိခဲ့တယ်လို့ ပြောပါတယ်။
ရုရှားဖက်ကလည်း ချူဗက်ရှ်ဒေသမှာ မေလ ၅ ရက် မနက်ပိုင်းက ယူကရိန်း ဒရုန်းတစ်စီး ထိမှန်လို့ ၂ ဦးသေပြီး ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားက မေလ ၈ ရက်နဲ့ ၉ ရက် အပစ်ရပ် ကြေညာထားတဲ့ ကာလအတွင်း ယူကရိန်းက ရန်စတိုက်ခိုက်လာမယ်ဆိုရင် မြို့တော် ကိယက်ဗ်ကို ဒုံးကျည်တွေ အလုံးအရင်းနဲ့ ပစ်ခတ်ပြီး လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အစောပိုင်းမှာတော့ ဇီလန်စကီးက မော်စကိုမှာ ကျင်းပမယ့် ရုရှားရဲ့ အောင်ပွဲနေ့ အခမ်းအနား စစ်ရေးပြ ချီတက်ပွဲတွေမှာ ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်တာမျိုး ဖြစ်ချင်လည်း ဖြစ်လာမယ်လို့ သတိပေးထားပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့က အသီးသီး ကြေညာခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုတွေဟာ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေ ဖြစ်ဖွယ်ရှိပြီး တစ်နည်းအားဖြင့် နှစ်ဖက် ညှိနှိုင်းလက်ခံထားတာမျိုး မဟုတ်ပါဘူး။
ဇီလန်စကီးရဲ့ စစ်ဦးစီး အရာရှိ ကီရိုင်လို ဘူဒါနော့ဗ်ကတော့ သမ္မတရဲ့ အပစ်ရပ် ကြေညာချက် တည်မြဲရေးဟာ နှစ်ဖက် လုပ်ရပ်တွေနဲ့ သက်ဆိုင်ကြောင်း၊ ယူကရိန်းဟာ မေလ ၆ ရက်နေ့ သန်းခေါင်ယံကစပြီး အပစ်ရပ်ထားရင်း အခြေအနေကို စောင့်ကြည့်နေမှာဖြစ်ပြီး နောက်ဆက်တွဲ ကိစ္စတွေကတော့ ရုရှားအပေါ် မူတည်သွားပြီဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ဇီလန်စကီးကတော့ ရုရှားအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို လုံးဝ အဆုံးသတ်ပြီး စစ်ရပ်စဲရေးအတွက် စစ်မှန်တဲ့ သံတမန်ရေး လမ်းကြောင်းဆီ ဦးတည်လာဖို့ တိုက်တွန်းထားပါတယ်။
ကိုးကား: BBC

























































