ကမ္ဘောဒီးယားနဲ့ ရယူထားတဲ့ ပင်လယ်ကမ်းလွန် သယံဇာတ ရှာဖွေရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ခုကို ထိုင်းအစိုးရက တစ်ဖက်သတ် ပယ်ဖျက်လိုက်ပါတယ်။
နားလည်မှု စာချွန်လွှာ ၄၄ (MoU 44)လို့ ခေါ်ဝေါ်လေ့ရှိတဲ့ အဲဒီ သဘောတူညီမှုဟာ နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်ရင် ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာဖို့ ရည်ရွယ် ညှိနှိုင်းထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် ထိုင်းပင်လယ်ကွေ့ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ စူးစမ်းရှာဖွေမှုမှာ နှစ်နိုင်ငံ ညှိနှိုင်း လုပ်ဆောင်ကြဖို့ ဆွေးနွေးထားခဲ့တာပါ။
မေလ ၅ ရက်နေ့မှာတော့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက MoU 44ကို အဆုံးသတ်တော့မှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ သူက အဲဒီ ဆုံးဖြတ်ချက်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား မနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။
၂၀၀၁ ခုနှစ် ကတည်းက ချုပ်ဆိုထားခဲ့တဲ့ MoU 44ဟာ လက်တွေ့အားဖြင့် တိုးတက်ဖြစ်ထွန်းတဲ့ ဘယ်လိုရလဒ်မှ မရှိခဲ့တာကြောင့်လည်း သဘောတူညီမှုကို ရုပ်သိမ်းစေခဲ့တာလို့ အနူတင်က အကြောင်းပြချက် ပေးခဲ့ပါတယ်။ ဒါပေမဲ့ MoU 44ကို ပယ်ဖျက်ဖို့ ဆိုတာဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ အနူတင် ကြိုပြီး ကြေညာထားခဲ့တဲ့ ကတိတစ်ခု ဖြစ်နေပါတယ်။

Public Service Announcement
MoU 44ကို ထိုင်းက ပယ်ဖျက်လိုက်ပေမယ့် ၂၀၀၀ ပြည့်နှစ်မှာ နှစ်နိုင်ငံ ကုန်းတွင်းနယ်စပ် အငြင်းပွားမှုတွေကို ညှိနှိုင်းဖြေရှင်းဖို့ဆိုတဲ့ MoU 43 သဘောတူညီချက်ကတော့ မူလအတိုင်း ဆက်ရှိနေဦးမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ဒါပေမဲ့ အဲဒီ သဘောတူညီမှုကိုလည်း ထိုင်းဖက်က ပြန်လည် ဆန်းစစ် သုံးသပ်နေပါတယ်။
ကမ္ဘောဒီးယားက နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက MoU 44ကို တစ်ဖက်သတ် ပယ်ဖျက်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိကြောင်း ပြောပါတယ်။ ကမ္ဘောဒီးယားဟာ အဲဒီ သဘောတူညီမှုကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားခဲ့ကြောင်းလည်း ဆိုပါတယ်။
MoU 44က ပျက်ပြယ်သွားပြီ ဖြစ်တာကြောင့် ကမ္ဘောဒီးယားဟာ ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်လာရင် ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဥပဒေ ကွန်ဗန်းရှင်း (UNCLOS) သတ်မှတ်ချက်တွေကို ကိုင်ဆွဲသွားတော့မယ်လို့လည်း ဆော့ခွန်းက ဆက်ပြောပါတယ်။ ထိုင်းရဲ့ သဘောတူညီမှု ပယ်ဖျက်လိုက်တဲ့ ကိစ္စဟာ ကမ္ဘောဒီးယားရဲ့ ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေကိုတော့ ထိခိုက်မှု မရှိဘူးလို့ ဆော့ခွန်းက အတည်ပြုခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေကလည်း အနာဂတ်ကာလ ဆွေးနွေးမှုတွေမှာ UNCLOSရဲ့ စည်းမျဉ်းတွေကိုပဲ ကိုင်ဆွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်နိမိတ် အငြင်းပွားမှု ပြဿနာတွေဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်တဲ့တိုင် မဖြေရှင်းနိုင်သေးသလို စစ်ရေး ပဋိပက္ခတွေပါ ဖြစ်ပွားစေခဲ့ပါတယ်။
မနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲနှစ်ကြိမ်မှာတော့ နှစ်နိုင်ငံပေါင်း အသေအပျောက် ၁၅၀ လောက်ထိ ရှိခဲ့သလို သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒီဇင်ဘာလကစလို့ နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲထားပြီး စစ်ပွဲ စတင်ခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပြန်အလှန် ပြစ်တင် ပြောဆိုထားကြပါတယ်။
ကိုးကား: Bangkok Post



















































