ဉာဏ်ရည်တု (AI) နည်းပညာ ကုမ္ပဏီ OpenAIနဲ့ ကုမ္ပဏီ အမှုဆောင်ချုပ် ဆမ်အဲ့လ်ထ်မန်းတို့ကို တရားစွဲဆိုခဲ့တဲ့ အီလွန်မတ်စ်ခ်ရဲ့ အားထုတ်မှုဟာ အရေးနိမ့်သွားခဲ့ပါတယ်။
ကမ္ဘာ့ အိုင်တီနည်းပညာ လောက တစ်ခုလုံး အလေးထား စောင့်ကြည့်ရတဲ့ ဥပဒေရေးရာ အားပြိုင်မှု တစ်ခုဟာ ဂျူရီအဖွဲ့ရဲ့ ၂ နာရီ မပြည့်တဲ့ ညှိနှိုင်းဆုံးဖြတ်မှု အပြီးမှာ အဖြေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
မတ်စ်ခ်ဟာ တရားစွဲဆိုပိုင်ခွင့်ရှိတဲ့ သတ်မှတ်ကာလကို ကျော်လွန်သွားပြီးမှသာ စွဲချက်တင်ခဲ့တာကြောင့် သူ့ရဲ့ အားထုတ်မှုက အကျုံးမဝင်တော့ဘူးလို့ မေလ ၁၈ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အော့က်လန်းမှာရှိတဲ့ တရားရုံး စီရင်ချက်က ဖော်ပြထားပါတယ်။ ဂျူရီ အဖွဲ့ဝင် ၉ ဦးကြား ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးမှာ အခု ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်တုန်းက OpenAIကို စတင်ထူထောင်ချိန်မှာ လူသားအကျိုးပြု ပရဟိတ ရည်ရွယ်ချက်တွေအတွက် သူကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး ငွေကြေးမတည် ကူညီပေးခဲ့ကြောင်း မတ်စ်ခ်က ပြောပါတယ်။ အဲဒီတုန်းက OpenAI စတင်လည်ပတ်နိုင်အောင် သူက ဒေါ်လာ ၃၈ သန်း လှူဒါန်းပေးခဲ့ကြောင်း မတ်စ်ခ်က ဆိုပါတယ်။

Public Service Announcement
ဒါပေမဲ့ အဲ့လ်ထ်မန်းဟာ အဲဒီ သဘောတူညီမှု ကတိကဝတ်ကို ချိုးဖောက်ပြီး OpenAIကို အကျိုးအမြတ် ရှာဖွေတဲ့ ကုမ္ပဏီ တစ်ခုအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ ဒီလုပ်ရပ်ကြောင့် သူဟာ အများကြီး ဆုံးရှုံးနစ်နာခဲ့ရကြောင်း မတ်စ်ခ်က စွပ်စွဲပြီး ၂၀၂၄ ခုနှစ်မှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့လ်ထ်မန်းနဲ့ OpenAIဖက်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး AI နည်းပညာ နယ်ပယ်မှာ ခြိမ်းခြောက်လာတဲ့ ပြိုင်ဘက်အပေါ် မတ်စ်ခ်က မရိုးသားတဲ့ နည်းလမ်းမျိုးနဲ့ ဟန့်တားဖို့ ကြံစည်တာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
မေလ ၁၈ ရက်နေ့ တရားရုံး စီရင်ချက်ကို ဖတ်ကြားရာမှာတော့ မတ်စ်ခ်အနေနဲ့ အဲဒီလို တရားစွဲဆိုမှုကို ၂၀၂၄ ခုနှစ်ထက် စောပြီး ပြုလုပ်ခဲ့သင့်ကြောင်း မှတ်ချက်ပေးထားခဲ့ပါတယ်။ ဂျူရီအဖွဲ့ဟာ မတ်စ်ခ်၊ အဲ့လ်ထ်မန်းနဲ့ Microsoft ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် ဆတ်ညာ နာဒယ်လာတို့ဆီက ထွက်ဆိုချက်တွေ၊ တင်သွင်းတဲ့ သက်သေ အထောက်အထားတွေကို သီတင်း ၃ ပတ်ကြာအောင် ဆန်းစစ်လေ့လာခဲ့ပါတယ်။
ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်မှာ မတ်စ်ခ်ရဲ့ တရားစွဲဆိုပိုင်ခွင့် သတ်မှတ်ကာလ ကျော်လွန်သွားလို့ စွပ်စွဲချက်ကို ပလပ်လိုက်တယ်လို့သာ ဖော်ပြထားပြီး OpenAIအပေါ် သူ့ရဲ့ စွပ်စွဲချက်တွေက မှန်သလား၊ မှားသလား ဆိုတာကိုတော့ စစ်ဆေး အတည်ပြုပေးထားတာ မရှိခဲ့ပါဘူး။
မတ်စ်ခ်ကတော့ တရားရုံး ဆုံးဖြတ်ချက်အပေါ် သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Xကနေ ဝေဖန်ခဲ့ပါတယ်။ ဒါဟာ လူသားအကျိုးပြု ပရဟိတ ရည်ရွယ်ချက်နဲ့ ထူထောင်ထားတဲ့ ဖန်တီးမှုတွေ၊ အားထုတ်မှုတွေကို လုယူဖို့ တရားဝင် ခွင့်ပြုလိုက်တာနဲ့ တူတူပဲလို့ သူက ရေးသားထားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မတ်စ်ခ်ဟာ အဲဒီပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။
မတ်စ်ခ်က သူဟာ တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ရည်ရွယ်ထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ အကြောင်းကတော့ စွဲချက်ကို ပယ်ဖျက် ခံခဲ့ရတာဟာ ဥပဒေရေးရာ သတ်မှတ် လုပ်ထုံးလုပ်နည်းတွေကြောင့်သာဖြစ်ပြီး အချက်အလက်တွေနဲ့ မဆိုင်တာကြောင့်လို့ သူက ဆိုပါတယ်။
OpenAIဖက်ကတော့ တရားရုံး ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ တိုးတက်မှုတွေကို ဟန့်တားဖို့ တမင်ကြံစည်ထားတဲ့ တရားစွဲဆိုမှု တစ်ခုအပေါ် OpenAIက အကြီးအကျယ် အောင်ပွဲရယူလိုက်နိုင်တာ ဖြစ်တယ်လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားသွားပါတယ်။
OpenAIရဲ့ AI chatbotဖြစ်တဲ့ ChatGPTက အထူးအောင်မြင်လာတဲ့နောက် OpenAIဟာလည်း AIနည်းပညာဆိုင်ရာ ကမ္ဘာ့ဦးဆောင် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဥပဒေရေးရာ ပညာရှင်တွေကတော့ မတ်စ်ခ်အနေနဲ့ အခုစီရင်ချက်အပေါ် အယူခံ ဝင်ရင်လည်း အောက်ရုံး ဆုံးဖြတ်ချက်ကို ပြင်ဆင်နိုင်လောက်အောင် အားကောင်းတဲ့ အချက်အလက်မျိုး တင်ပြနိုင်ဖို့ ခက်တဲ့အတွက် အနိုင်ရနိုင်ခြေ နည်းလွန်းကြောင်း သုံးသပ်ထားကြပါတယ်။
ကိုးကား: BBC


















































