Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက် ရထားတိုက်မှုရဲ့ စက်ခေါင်းမောင်းသူက မူးယစ်ဆေး သုံးလေ့ရှိကြောင်း ဝန်ခံ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဘတ်စ်ကားကို ဝင်တိုက်ခဲ့တဲ့ ရထားရဲ့ စက်ခေါင်း မောင်းသူက မူးယစ်ဆေး သုံးစွဲလေ့ရှိတယ်လို့ ဝန်ခံခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဘတ်စ်ကားကို ဝင်တိုက်ခဲ့တဲ့ ရထားရဲ့ စက်ခေါင်း မောင်းသူက မူးယစ်ဆေး သုံးစွဲလေ့ရှိတယ်လို့ ဝန်ခံခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

မေလ ၁၆ ရက်နေ့က ဘန်ကောက်မြို့လယ်က လူစည်ကားရာ ကားလမ်း၊ ရထားလမ်း ဖြတ်သန်းတဲ့ နေရာတစ်ခုမှာ ဘတ်စ်ကားကို ရထားက ဖြတ်တိုက်ခဲ့တာကြောင့် မီးလောင်မှု ဖြစ်ခဲ့ပြီး ၈ ဦးသေ၊ ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ရထားလမ်းပေါ်မှာ ကားတွေ ရပ်နေရတဲ့ အခြေအနေမျိုးမှာ ရထားက ခဏရပ်ပြီး စောင့်ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုဖြစ်စဉ်မှာတော့ စက်ခေါင်းမောင်းသူ အသက် ၄၆ နှစ်အရွယ် ဆာယောင်ပွမ် ဆူယန်ကူက ရထားကို အရှိန်မလျှော့ဘဲ ဘတ်စ်ကားကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ သူရော၊ သက်တူရွယ်တူဖြစ်တဲ့ ရထားလမ်း အချက်ပြ အရာရှိ ယူသမ် ဂျောင်ခီရီတို့ နှစ်ဦးစလုံးကို လူအများ ထိခိုက်သေကြေစေတဲ့ ပေါ့လျော့မှုတွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

မေလ ၁၈ ရက်နေ့မှာတော့ ရဲတွေက စက်ခေါင်းမောင်းတဲ့ ဆာယောင်ပွမ်ဟာ အခင်းမဖြစ်ခင် ၁၀ ရက်လောက်တုန်းက မက်သမ်ဖက်တမင်း မူးယစ်ဆေးနဲ့ ဆေးခြောက်တွေ သုံးစွဲထားတယ်ဆိုတာ ဝန်ခံ ထွက်ဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သူဟာ အဲဒီနှစ်မျိုးစလုံးကို ပုံမှန် သုံးစွဲလေ့ ရှိပေမယ့် နောက်ဆုံး ဆေးသုံးထားတာကတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကလို့ ဆာယောင်ပွမ်က အခိုင်အမာ ပြောခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆာယောင်ပွမ်ဟာ ၂၀၁၉ တုန်းက မူးယစ်ဆေးဝါး ပြစ်မှုမှတ်တမ်းဟောင်း ရှိခဲ့ဖူးတယ် ဆိုတာကိုလည်း ရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ရထားက ဘတ်စ်ကားကို ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိ သံသယ တရားခံ နှစ်ဦးက ထွက်ချက်ပေးခဲ့ရာမှာ ရှုပ်ထွေးမှုတွေ ရှိနေကြောင်း ရဲတွေက ပြောပါတယ်။ ယူသမ်က လမ်းမရှင်းသေးတာကြောင့် ရထားရပ်ဖို့ ကျိန်းသေပေါက် အချက်ပြခဲ့ကြောင်း ရဲတွေဆီ ထွက်ဆိုထားပေမယ့် စက်ခေါင်းမောင်းသူကတော့ သူဟာ ဘာအချက်ပြ သတင်းပေးမှုကိုမှ မရခဲ့ကြောင်း ငြင်းဆိုထားပါတယ်။ လောလောဆယ်တော့ နှစ်ယောက်စလုံးကို ဘတ်ငွေ တစ်စီးစီ အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။

စုံထောက်တွေက ထိုင်းအစိုးရ မီးရထားဌာနရဲ့ အကူအညီကို ရယူပြီး ဖြစ်စဉ်ကို ပြန်လည် ဆန်းစစ်နိုင်ဖို့ ကြိုးစားနေသလို ကျွမ်းကျင်သူတွေကလည်း ရထားရဲ့ အရှေ့ဖက် black box ကင်မရာ မှတ်တမ်း အချက်အလက်တွေကို ပြန်လည် စစ်ဆေးနေပါတယ်။

ဖြစ်စဉ်အပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေအရ ရထားမောင်းသူ အများအပြားဟာ ရထားပို့ဆောင်ရေး ဌာနက ထုတ်ပေးတဲ့ လိုင်စင်တွေ မရှိကြကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် စည်းမျဉ်းတွေကို ပြန်လည် တင်းကျပ်ဖို့လည်း အာဏာပိုင်တွေက စီစဉ်နေပါတယ်။

မေလ ၁၇ ရက်နေ့မှာ ဆေးရုံကို သွားရောက်ပြီး ဒဏ်ရာရသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူကတော့ အနာဂတ်မှာ အခုလို ဖြစ်ရပ်တွေကို ရှောင်လွှဲနိုင်ဖို့အတွက် ရထားလမ်း၊ ကားလမ်း ဆုံတဲ့နေရာတွေမှာ ခုံးကျော်တံတားတွေ၊ ဥမင်တွေ တည်ဆောက်သွားစေမယ်လို့ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရဲတွေက အဓိက ရှုထောင့်နှစ်ခုကို အာရုံစိုက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။