အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ဆွေးနွေးဖို့ လောလောဆယ် မြောက်ကိုရီးယားမှာ အစီအစဉ် မရှိသေးဘူးလို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က ပြောကြားခဲ့ပါတယ်။
ဘာလက်ခ်ရစ်ရှ်နန်ဟာ အခုသီတင်းပတ်ထဲမှာ ကိုရီးယား နှစ်နိုင်ငံစလုံးဆီ သံတမန် ခရီးစဉ် သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘာလက်ခ်ရစ်ရှ်နန်ရဲ့ ခရီးစဉ်ဟာ မြောက်ကိုရီးယားကို အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှု လမ်းကြောင်းတွေ ပြန်လည် စတင်လာစေရေး ကူညီ စည်းရုံးပေးဖို့ ဖြစ်နိုင်ကြောင်း ထင်ကြေးတချို့ ထွက်ပေါ်ခဲ့ပေမယ့် မေလ ၂၈ ရက်နေ့မှာတော့ ဘာလက်ခ်ရစ်ရှ်နန်က အဲဒီအခြေအနေမျိုး မဖြစ်နိုင်လောက်သေးကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်ရော၊ တောင်ကိုရီးယားကိုပါ ပြန်လည်ထိတွေ့ ဆက်ဆံနိုင်မယ့် လမ်းကြောင်းတွေ ဖွင့်လှစ်ပေးဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဘာလက်ခ်ရစ်ရှ်နန်က ဆိုပါတယ်။
တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားတို့ကို ၅ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီး ပြန်ရောက်လာတဲ့ ဘာလက်ခ်ရစ်ရှ်နန်က စင်ကာပူ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ကိုရီးယားကျွန်းဆွယ် အရေးမှာ စင်ကာပူဟာ အပြင်လူ အဆင့်သာ ရှိကြောင်း၊ စင်ကာပူ အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို သီးခြားလွတ်လပ်တဲ့ အဆင့်တစ်ခုနဲ့သာ တည်ဆောက်ထားကြောင်း သူက ဆိုပါတယ်။
ဘေးလူအနေနဲ့၊ မိတ်ဆွေအနေနဲ့ စင်ကာပူ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ကောင်းမယ်ထင်တဲ့ ကိုယ့်အမြင်ကို လက်ဆင့်ကမ်း ပြောပြခြင်းသာ ရှိကြောင်း၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ပေးရင် ကောင်းမယ် ဆိုတဲ့အကြောင်း စင်ကာပူဖက်က ပြောပြခဲ့ကြောင်း၊ ဒါပေမဲ့ အဆုံးမှာတော့ လက်တွေ့ ဆုံးဖြတ်ချက် ချခွင့်ရှိသူက မြောက်ကိုရီးယားသာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။
ဘာလက်ခ်ရစ်ရှ်နန်ဟာ အခု ခရီးစဉ် မတိုင်ခင် ၂၀၁၈ နောက်ပိုင်းမှာ မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းဆီ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ တင်းကျပ်တဲ့ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေကြောင့် အထီးကျန် ရပ်တည်နေတဲ့ ကွန်မြူနစ် နိုင်ငံဟာ အရာရာ ခေတ်နောက်ကျပြီး ကျန်နေကြောင်း ယူဆမှုတွေ ရှိနေပေမယ့် ဘာလက်ခ်ရစ်ရှ်နန်ကတော့ ပြုံယမ်းမှာ သူမြင်ခဲ့ရတာက အတော်လေး အထင်ကြီးလောက်စရာ ခေတ်သစ် လူနေမှုပုံစံမျိုး ဖြစ်နေကြောင်း မှတ်ချက်ပေးသွားပါတယ်။
အိမ်ရာစီမံကိန်း အသစ်တွေ၊ ကုန်ပစ္စည်းမျိုးစုံ အလျှံအပယ် ရောင်းချနေတဲ့ စျေးဆိုင်တွေ၊ တခြားအရောင်းဆိုင်တွေ၊ E-commerce ဝန်ဆောင်မှု လုပ်ငန်းတွေကို သူတွေ့ခဲ့တယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။
သူဟာ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကိုလည်း သွားရောက်ခဲ့ပြီး အိမ်ရှင်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ချိုဟွန်းက ကိုရီးယားနှစ်နိုင်ငံ ပြန်လည် သင့်မြတ်ရေးအတွက် စင်ကာပူရဲ့ ကူညီအားပေးမှုကို မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ကိုရီးယား နှစ်နိုင်ငံကို ဆက်တိုက် သွားရောက်ခဲ့ခြင်းက စင်ကာပူ အနေနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုမှာ ကြားဝင်စေ့စပ်ပေးတဲ့ အခန်းကဏ္ဍကနေ လှုပ်ရှားနေတဲ့ အဓိပ္ပါယ်လားလို့ သတင်းထောက်တွေက မေးမြန်းခဲ့တဲ့အခါ ဘာလက်ခ်ရစ်ရှ်နန်က စင်ကာပူဟာ ဘယ်လို အခန်းကဏ္ဍမျိုး၊ တာဝန်မျိုးကိုမှ ဆုပ်ကိုင်မထားကြောင်း၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဟာ ခင်မင်ရင်းနှီးမှု၊ အပြန်အလှန် လေးစားမှုတွေ အပေါ်မှာပဲ အခြေခံပြီး တည်ဆောက်ထားတာဖြစ်ကြောင်း မယုတ်မလွန် ပြန်ဖြေသွားပါတယ်။
သူက ပြုံယမ်း ခရီးစဉ် အတောအတွင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေကိုလည်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အာရှ-ပစိဖိတ် လုံခြုံရေး ဆွေးနွေးမှု ဒေသဆိုင်ရာ ဖိုရမ်တစ်ခုဆီ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
စင်ကာပူဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဆိုင်ရာ သံတမန်ရေး လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ကူညီဖူးတဲ့ သမိုင်းကြောင်းမျိုးလည်း ရှိနေပါတယ်။
၂၀၁၈ တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုကို စင်ကာပူမှာ ကျင်းပခဲ့ပါတယ်။ အဲဒီတုန်းက နှစ်ဖက်ကြားမှာ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့၊ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေး ကိစ္စတွေ ညှိနှိုင်းဖို့ ကနဦး သဘောတူညီမှု ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြေအနေတွေက ပြန်လည် ဆုတ်ယုတ်သွားခဲ့ပါတယ်။
ကိုးကား: CNA


















































