Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် စစ်တပ်က ၁၀ရက်အတွင်း ပြည်သူ ၂၀ထက်မနည်း သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က ၁၀ရက်အတွင်း ဒေသခံပြည်သူ ၂၂ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စီပါရွာအား စစ်တပ်ကမီးရှို့သွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - ရွာဇော်ကြီး

ဇေအောင်၊လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က ၁၀ရက်အတွင်း ဒေသခံပြည်သူ ၂၂ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၁ရက်ကတည်းက ဘုတလင် မြို့ပေါ်နှင့် ကျေးရွာများအား စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် ဘုတလင်မြို့ပေါ်၌ ပြည်သူ ၆ ဦး၊ မြောက်ကျီရွာ၌ ပြည်သူ ၇ဦး၊ စီပါရွာ၌ ပြည်သူ ၆ ဦး၊ဆည်ဝရွာ၌ ပြည်သူ တစ်ဦးနှင့် တရော်တောရွာ၌ ပြည်သူ နှစ်ဦး စုစုပေါင်း ၂၂ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အရေအတွက်မှာ လူထုနွေဦးက ရရှိသော အရေအတွက်သာဖြစ်ပြီး ယခုထက် ပိုများနိုင်ပါသည်။

စီပါရွာ၌ သတ်ဖြတ်မှုမှာ အဆိုးရွားဆုံးဖြစ်ပြီး ပြည်သူများအား ခေါင်းဖြတ်ကာ ခြေ၊ လက် အင်္ဂါအစိတ်အပိုင်းများကိုပါ ဖြတ်တောက်ပြီး ခြံဝင်းပေါ် စိုက်တင်သွားခဲ့သည်။

“အဓိကကတော့ ဘုတလင်နယ်ထဲမှာ သူတို့စစ်ကြောင်းတစ်ကြောင်းလုံးကြီး ပျောက်သွားတာကြောင့် ပြည်သူကိုမဲနေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၁၂ရက် နံနက်ပိုင်း ကဘုတလင်မြို့ ဗန္ဓုလကွက်သစ်ရပ်ကွက်နှင့် မြောက်ပြင်ရပ်ကို စီးနင်းတိုက်ခိုက်ကာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူရှစ်ဦးအား သတ်ဖြတ်ခဲ့သည်။

ထို​နောက် အောက်တိုဘာ ၁၃ရက် မနက်ပိုင်းတွင်လည်း မြောက်ကျီကျေးရွာ ဝင်ရောက်ကာ အသက် (၃၀)ကျော်အရွယ်အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံပြည်သူ ၇ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဟု ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

“ခေါင်းဖြတ်သတ်ခံရတဲ့ ၃ဦးက တစ်ဦးက ၈၀ ဝန်းကျင်။ ကျန်၂ဦးကတော့ ၅၀ဝန်းကျင်ပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျန်တစ်ဦး၏ အသက်အရွယ်ကိုမူ မသိရသေးပေ။

အသတ်ခံရသူများတွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားနှစ်ဦးနှင့် (၈၀)ကျော်အရွယ်အမျိုးသားတစ်ဦးလည်း ပါဝင်ကြောင်း ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

” စစ်ကြောင်းက ညက မီးရှို့သွားတာဆိုတော့ မရှိလောက်ဘူးဆိုပြီး ဝင်သွားတဲ့သူတွေကို ဖမ်းပြီး သတ်ပစ်တာ။ ပြီးတော့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကို ခြံစည်းရိုးတိုင်တွေမှာ ချိတ်ထားခဲ့တာ။ လူတွေကြောက်အောင်ရက်ရက်စက်စက် လုပ်သွားတာ”ဟု ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့အပြင် နေအိမ်ခြေများပါ မီးရှို့ဖျက်ဆီးခဲ့ရာ စည်ပါရွာ၌ နေအိမ် ၃၀ဝ ၊ တက်လှိုင်းရွာ၌ နေအိမ် တစ်လုံး၊ ကျွဲသေကျောင်းရွာ၌ နေအိမ် ၂၃ လုံး၊ ဆည်ဝရွာသစ်ရွာ၌ နေအိမ်အလုံး ၂၀၊ ဆည်ဝရွာဟောင်း၌ နေအိမ် ၁၅လုံး၊ အိုင် ပေါင်းချောင်ရွာ၌ နေအိမ် ၂၇ လုံး စုစုပေါင်း နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့အထိ စိုင် ပြင်လေးကျေးရွာအား မီးရှို့ပြီး အဆိုပါရွာ၌ပင် ရှိနေသေးကြောင်း သိရသည်။ ထို့အပြင် မီးဝင် ငြှိမ်းသည့် ဒေသခံပြည်သူ ၁၂ ဦးခန့်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အင်အား၁၀၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် အောက်တိုဘာ ၆ရက်ကစ၍ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုး အကြမ်းဖက်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များအား မီးရှို့ ဖျက်ဆီး ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများရဲ့ ဆက်လက်ပြုလုပ်နေသောကြောင့် ဘုတလင်မြို့နယ်အတွင်း ကျေးရွာ ၂၀ခန့် မှ ဒေသခံပြည်သူ ငါးသောင်းခန့် စစ်ဘေးရှောင်နေကြရကြောင်း သတင်းရရှိသည်။

ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပြည်သူများမှာနေထိုင်ရေးခက်ခဲနေပြီး စားနပ်ရိက္ခါများလည်း လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီနေသူများက ပြောသည်။

“တိမ်းရှောင်နေရတဲ့ ပြည်သူတွေက ဒီတိုင်းဖြစ်သလိုနေနေကြရတာပါ။ တောတွေ ထဲ။”ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

ထို့အပြင် အမျိုးသမီးအများစုပါဝင်သည့် အရပ်သား ၇၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ကြောင်း၏ရှေ့တွင်ထား၍ လူသားဒိုင်းအဖြစ်ပြုလုပ်ကာ ကျေးရွာများအတွင်း စီးနင်းဝင်ရောက်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ဘုတလင်မြို့တွင် စက်တင်ဘာ ၃၀ရက်က ကူတော်ရွာ ရဲကင်းစခန်းမှ ခမရ(၁၀၆) တပ်ရင်း၏ ဗိုလ်မှူးကျော်တင့် ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ (၂၂၉)၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်။

ယင်းတိုက်ပွဲအတွင်း ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာ ၃၃ဦး သေဆုံးခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၅၆)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ်အတွင်းသို့ ကျေးရွာများသို့ ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။