မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ဒေသခံအမျိုးသမီး ၃ ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)MDY-PDFက ထုတ်ပြန်ပါတယ်။
မတ်လ ၁၇ရက် ညနေ (၆)နာရီဝန်းကျင်မှာ စစ်ကောင်စီက စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတာလို့ မန္တလေး PDFက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မတ်လ ၁၄ရက်ကလည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ အပြစ်မဲ့ ပြည်သူ ၃၁ဦးထိ အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့တယ်လို့ မန္တလေး PDFက ဖော်ပြပါတယ်။

Public Service Announcement
“လက်ပန်လှရွာနဲ့ မြောက်ဘက်က ပင်လည်ကြီးရွာနားကို ချသွားတာလို့သိရတယ်။အခု ဒဏ်ရာရလူနာတွေကိုသက်ဆိုင်ရာကဆေးကု ပေးနေပါတယ်”လို့ စဉ့်ကူးမြို့နယ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စဉ့်ကူးမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတယ်လို့ ထပ်မံဖော်ပြပါတယ်။
အခု မတ်လအတွင်း စစ်ကောင်စီက လက်ပန်လှကျေးရွာကို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်နေပြီး မတ်လပထမပတ်ထဲမှာလည်း အဲဒီရွာကို လူအစုလိုက်၊ အပြုံလိုက်သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့ပါသေးတယ်။
စစ်ကောင်စီက ၂၀၂၅အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်နေပြီး ရှမ်းမြောက်က နောင်ချိုမြို့နယ်၊စဉ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အတွင်းမှာ၂ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံဃာတော်တွေ အပါအဝင်စုစုပေါင်း ၄၀ကျော် သေဆုံးထားပါတယ်။




















































