Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကို တန်ပြန်ဖို့အတွက် ဖိလစ်ပိုင်ဆီ ဖျက်သင်္ဘော အဟောင်းတွေ လက်လွှဲပေးမယ့် ဂျပန်

တရုတ်ရေတပ်ရဲ့ ဩဇာချဲ့ထွင်မှုကို တန်ပြန်တဲ့ အနေနဲ့ အသုံးပြုပြီးသား ဖျက်သင်္ဘောတွေကို ဖိလစ်ပိုင်ဆီ လွှဲအပ်ပေးသွားဖို့ ဂျပန်က စီစဉ်နေပါတယ်။

Reuters

တရုတ်ရေတပ်ရဲ့ ဩဇာချဲ့ထွင်မှုကို တန်ပြန်တဲ့ အနေနဲ့ အသုံးပြုပြီးသား ဖျက်သင်္ဘောတွေကို ဖိလစ်ပိုင်ဆီ လွှဲအပ်ပေးသွားဖို့ ဂျပန်က စီစဉ်နေပါတယ်။

အမေရိကန်ရဲ့ အရှေ့အာရှ ဒေသတွင်း မဟာမိတ်တွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ဟာ တရုတ်လွှမ်းမိုးမှုကို တုံ့ပြန်ဖို့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမို အရှိန်အဟုန် မြှင့်တင်လာခဲ့ပါတယ်။ ဂျပန် သတင်းဌာနတွေရဲ့ အဆိုအရ ဂျပန်ပြည်စောင့်တပ်ရဲ့ ရေတပ်မှာ အသုံးပြုနေဆဲ Abukumaအဆင့် ဖျက်သင်္ဘော ၆ စီးကို ဖိလစ်ပိုင်ဆီ လက်လွှဲပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အဲဒီသင်္ဘောတွေဟာ ဂျပန် ရေတပ်မှာ နှစ်ပေါင်း ၃၀ ကျော်လောက် တာဝန် ထမ်းဆောင်ခဲ့ပြီးသားပါ။ စစ်သင်္ဘောတွေ အလွှဲအပြောင်း လုပ်မယ့်ကိစ္စကို နှစ်ဖက် အာဏာပိုင်တွေက တရားဝင် မထုတ်ပြန်သေးပေမယ့် အမည်မဖော်လိုတဲ့ ဂျပန် အစိုးရ အရာရှိ တစ်ဦးကတော့ သတင်းမှန်ကန်တယ်လို့ အတည်ပြုထားပါတယ်။

နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတွေဖြစ်တဲ့ ဂျန်နာကာတာနီနဲ့ ဂီလ်ဘာတို တိုဒိုရိုတို့ဟာ ပြီးခဲ့တဲ့လက စင်ကာပူမှာ လူချင်းတွေ့ဆုံတဲ့အခါ အဲဒီကိစ္စကို ညှိနှိုင်း သဘောတူခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင် ရေတပ်ဟာ သင်္ဘောတွေကို ကိုင်တွယ်ထိန်းချုပ်မှု စနစ်တွေနဲ့ ပတ်သက်လို့ အသေးစိတ် လေ့လာဆန်းစစ်နိုင်ဖို့အတွက် ပညာရှင်တွေပါဝင်တဲ့ အထူးကိုယ်စားလှယ် အဖွဲ့တစ်ခု ဂျပန်ဆီ စေလွှတ်မယ်လို့လည်း သိရပါတယ်။

ဂျပန်ကတော့ နှစ်နိုင်ငံ ရေတပ်တွေ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ဖိလစ်ပိုင် ကိုယ်စားလှယ် အဖွဲ့ကို ဖိတ်ကြားသွားမယ်လို့ပဲ ကြေညာထားပါတယ်။ အဲဒီ ခရီးစဉ်ဟာ ဖျက်သင်္ဘောတွေ လက်လွှဲပေးဖို့ ဟုတ်မဟုတ် ဆိုတာကိုတော့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဘာမှတ်ချက်မှ မပေးပါဘူး။ တရုတ်ကလည်း လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။

ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းအခုံ ကိစ္စနဲ့ ဆက်စပ်ပြီး တရုတ်နဲ့ တင်းမာမှုတွေ ရှိနေသလို ဂျပန်ကလည်း အရှေ့အာရှမှာ တရုတ်ရဲ့ အစဉ်အလာ ပြိုင်ဘက်အဖြစ် ရပ်တည်နေပါတယ်။ တောင်တရုတ်ပင်လယ် အပါအဝင် ဒေသတွင်း ရေပြင်တွေမှာ တရုတ်က ဩဇာချဲ့ထွင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေခြင်းဟာ အထင်ကရ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေကြောင်း ဖိလစ်ပိုင်ရော၊ ဂျပန်ကပါ မှတ်ချက်ပေးထားပါတယ်။

Abukumaအဆင့် ဖျက်သင်္ဘောတွေဟာ တန် ၂၀၀၀ လောက်သာ အလေးချိန်ရှိတဲ့ အပေါ့စား ရေယာဉ် အမျိုးအစားတွေဖြစ်ပြီး တစ်စီးကို ရေတပ်သား ၁၂၀ လောက်တာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီ ဖျက်သင်္ဘောတွေဟာ ရေငုပ်သင်္ဘောတွေကို ထောက်လှမ်းရှာဖွေ ဖျက်ဆီးဖို့ မစ်ရှင်တွေကို တာဝန်ယူနိုင်သလို ရေပြင်ပေါ်က ရန်သူ့သင်္ဘောတွေကို ဖျက်ဆီးနိုင်တဲ့ ဒုံးကျည်တွေ၊ တော်ပီဒိုတွေနဲ့ စက်အမြောက်တွေလည်း တပ်ဆင်ထားပါတယ်။

ဖိလစ်ပိုင် ရေတပ်မှာ ဖျက်သင်္ဘောတွေ မရှိဘဲ ပိုသေးတဲ့၊ လက်နက်တပ်ဆင်မှု ပိုနည်းတဲ့ ဖရီးဂိတ်နဲ့ ကောဗက်အမျိုးအစား ရေယာဉ်တွေကိုသာ ပိုင်ဆိုင်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။