KNU ညောင်လေးပင်ခရိုင်ထဲမှာ ကိုဗစ်နဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေ လိုအပ်နေတယ်လို့ ကရင်လူမှုရေးရာအဖွဲ့ထံကနေသိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယရက်သတ္တပတ်အတွင်းမှာတော့ ညောင်လေးပင်ခရိုင် ၊မုန်းမြို့နယ်ထဲက ပနာဝါးပလောကျေးရွာနဲ့ ကြောင်ပျံကျေးရွာမှာ ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့နဲ့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသေးတယ်။
ဒါပေမယ့်လည်းအကူအညီတွေက ဆက်လက်လိုအပ်နေဆဲပါ။
ညောင်လေးခရိုင်ကရင်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူတစ်ဦးပြောပြတာကတော့ အဓိက သောက်သုံးရေအတွက် ရေလိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင်လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အရေးပေါ်လူနာရှိလာရင် ဆေးရုံဆေးခန်းရှိတဲ့မြို့ပေါ်ကို အချိန်မီသွားရောက်ဖို့မလွယ်ကူဘူးလို့ဆိုပါတယ်။
အဲဒီဒေသမှာ နေထိုင်တဲ့ ပြည်သူတွေ ဟာ ကျန်းမာရေးအသိပညာပေးမှုအားနည်းနေတာ ၊ ကျန်းမာရေးဝန်ထမ်းမရှိတာ ၊ ရေကောင်းရေသန့်မရတာနဲ့ မြို့နဲ့အလှမ်းဝေးတာ စတဲ့အခက်အခဲတွေကိုကြုံနေရတာပါ။
ဒါအပြင် စစ်ဘေးဒဏ်ကိုလည်းကြုံရတာကြောင့် ဒေသခံ တွေရဲ့လူနေမှုဘဝဟာ အစစအရာရာ နိမ့်ကျနေရတယ်လို့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ကပြောပါတယ်။
ဒါကြောင့် ကရင်လူမှုရေးရာအဖွဲ့နဲ့ အခြားအရပ်ဘက်အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ၊ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေပူးပေါင်းဆောင်ရွက်ပြီးတော့ ဒေသအတွက် ဆောင်ရွက်ပေးနေရတယ်လို့ သိရပါတယ်။


















































