Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန် မြောက်ပိုင်းမှာ အင်အားပြင်း ငလျင်လှုပ်၊ အသေအပျောက် များပြားနိုင်ခြေရှိ

အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် အများအပြား သေဆုံးမှာကို စိုးရိမ်ရတဲ့ အခြေအနေ ရှိနေကြောင်း အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဓာတ်ပုံ - Getty Images

အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် အများအပြား သေဆုံးမှာကို စိုးရိမ်ရတဲ့ အခြေအနေ ရှိနေကြောင်း အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြီးဟာ မာဇာအီ ရှာရစ်ဖ်မြို့နားကို ဗဟိုပြုပြီး နိုဝင်ဘာ ၃ ရက် မနက် အစောပိုင်းမှာ လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရသူ ၁၅၀ ကျော် စာရင်းရထားပြီး ကိန်းဂဏန်းတွေက ထပ်တိုးလာနိုင်ခြေ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)ကတော့ ငလျင်ဟာ မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ မြေအနက် ၂၈ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်သွားခဲ့ကြောင်း ဆိုပါတယ်။

ငလျင်ကြောင့် သေဆုံးခဲ့သူ ၇ ဦးနဲ့ ဒဏ်ရာရခဲ့သူ ၁၅၀ ကျော်ကို ဆေးရုံတွေဆီ ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ မာဇာအီ ရှာရစ်ဖ်မြို့နားမှာ ကပ်လျက်တည်ရှိတဲ့ ဆာမန်ဂန်ဒေသရဲ့ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဆာမင်မ် ဂျိုယန်ဒါက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုစာရင်းဟာ ဆေးရုံတွေဆီ ကနဦး ရောက်ရှိလာတဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရသူတွေကိုပဲ ရည်ညွှန်းထားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ USGSကတော့ ငလျင်ဘေး သက်ရောက်မှု ဖြစ်နိုင်ခြေ သတိပေးချက်ကို လိမ္မော်ရောင်အဆင့် ထုတ်ပြန်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ အသေအပျောက် များနိုင်ပြီး ထိခိုက်ပျက်စီးတဲ့ဇုန်ကလည်း ကျယ်ပြန့်နိုင်တယ်ဆိုတဲ့ သဘောပါ။

အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန် အစိုးရရဲ့ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာနက ပိုပြီး တိကျတဲ့ ထိခိုက်သေဆုံးမှု အခြေအနေတွေကို နောက်ပိုင်းမှာ ထုတ်ပြန်မယ်လို့ ပြောပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာတော့ ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးတွေက ရှာဖွေနေတဲ့၊ ဆွဲထုတ်ဖို့ ကြိုးစားနေတဲ့ ဗီဒီယိုတွေကို မျှဝေထားတာ တွေ့ရပါတယ်။ ဗီဒီယို တစ်ခုထဲမှာတော့ အလောင်းတစ်လောင်းကို ကြိုးစားပြီး ဆွဲထုတ်နေကြတာကို မြင်ခဲ့ရပါတယ်။

ဩဂုတ်လတုန်းကလည်း အာဖဂန်မှာ အင်အားပြင်း ငလျင်ကြီးတစ်ခုနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်မှုကြောင့် လူထောင်နဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း တာလီဘန် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အာဖဂန်ဟာ အထင်ကရ မြေအောက် ကျောက်လွှာကြီးနှစ်ချပ် စုဆုံရာ ပြတ်ရွေ့ကြောကြီးပေါ်မှာ တည်ရှိနေတာကြောင့် ပြင်းထန်တဲ့ ငလျင်တွေ လှုပ်ခတ်နိုင်ခြေမျိုး အမြဲတမ်း ခြိမ်းခြောက် ခံနေရပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း အာဖဂန် အရှေ့မြောက်ပိုင်းမှာ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာက အာဖဂန်နဲ့ ပါကစ္စတန်တို့မှာ လူရာဂဏန်း တော်တော်များများ သေဆုံးခဲ့ပါတယ်။ ၂၀၂၃ တုန်းက နောက်ထပ် ငလျင်တစ်ခုမှာလည်း အနည်းဆုံး အာဖဂန်ပြည်သူ ၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: CBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။