–ဝယ်ယူသူအချို့မှာ အမည်ပျက်သွင်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီဝင်တွေနဲ့နာမည်တူသူအချို့ကြောင့် ဘဏ်နှင့်ညှိနှိုင်းနေရဟုဆို
ငွေတိုက်စာချုပ်ရောင်းချမှုကို ဆက်လက်ရပ်ဆိုင်းထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီနေ့တွင် ထုတ်ပြန်ပါတယ်။
ငွေတိုက်စာချုပ်ဝယ်ယူသူတွေအနက် နိုင်ငံတကာက အမည်ပျက်စာရင်းသွင်းတဲ့ အကြမ်းဖက်စစ်ကောင်စီဝင်တွေနဲ့ နာမည်တူတွေကို ဘဏ်စာရင်းသို့ ငွေလွှဲပြောင်းပေးပို့နေတာကြောင့် ဘဏ်နဲ့ ညှိနှိုင်းဖြေရှင်းနေရလို့ ငွေတိုက်စာချုပ်ရောင်းချမှုကို ဆက်လက်ရပ်ဆိုင်းထားရတာလို့ ဆိုပါတယ်။
ငွေတိုက်စာချုပ်တွေ ပြန်လည်ရောင်းချမယ့်နေ့ရက်နဲ့ လုံခြုံစိတ်ချစွာဝယ်ယူနိုင်မယ့် လုပ်ငန်းစဉ်တွေကို အသေးစိပ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် ပြည်ပနိုင်ငံတွေမှာ ကိုယ်စားလှယ်တွေထားရှိပြီး ပြည်တွင်းကို ငွေလွှဲပြောင်းနည်းနဲ့ ဝယ်ယူနိုင်ဖို့လည်း စီစဉ်ပေးမယ်လို့ NUGက ဆိုပါတယ်။
အရင်က ရောင်းချထားတဲ့ ငွေတိုက်စာချုပ် အစောင် ၄၁၀၀ကျော်ကို ပြန်လည်ပေးပို့နိုင်ခဲ့ပြီး ကျန်ငွေတိုက်စာချုပ်တွေကို ဆက်လက်ပေးပို့သွားမည်ဟု NUGက ပြောပါတယ်။
ပုံစံ (က) ဖြည့်သွင်းပြီး Order ID ရယူထားပြီးသူတွေအနေနဲ့ ချက်နိုင်ငံဘဏ်ကို ဆက်လက်ငွေပေးသွင်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။ ငွေလွှဲသူတွေအနေနဲ့ ပုံစ (ခ)ကို ဖြည့်သွင်းပြီးပါက ငွေတိုက်စာချုပ်တွေ ပြန်လည်ထုတ်ပေးသွားမယ်လို့လည်း NUGကဆိုပါတယ်။
NUGက နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ် ဒေါ်လာ တစ်ဘီလီယံဖိုကို ထုတ်ရောင်းပေးနေတာဖြစ်ပြီး ပထမအသုတ်အနေနဲ့ ဒေါ်လာ သန်း၂၀၀ဖိုးထုတ်ရောင်းနေတာပါ။
နိုဝင်ဘာ ၂၂ ရက်မှာ NUGက ငွေတိုက်စာချုပ်တွေစတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှာ ငွေလွဲကိစ္စရပ်တွေကြောင့် တစ်ပတ်ကြာရပ်ဆိုင်းမယ်လို့ ကြေငြာခဲ့ပါတယ်။
ငွေတိုက်စာချုပ်တွေကို NUGက ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀နဲ့ ၅၀၀၀ တန်ဆိုပြီး ရောင်းချနေပြီး စတင်ရောင်းချခဲ့တဲ့ တစ်ပတ်အတွင်းငွေတိုက်စာချုပ် ဒေါ်လာ ၁၅ သန်းဖိုးရောင်းချခဲ့ရပါတယ်။


















































