လူသားချင်း စာနာမှု ထောက်ပံ့ရေး မစ်ရှင်အတွက် အသုံးပြုနေတဲ့ လေယာဉ်တစ်စီးဟာ အမေရိကန် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ကြောင်း အီရန်က ပြောပါတယ်။
အီရန်ရဲ့ Mahan လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ နိုင်ငံအရှေ့ပိုင်းက မက်ရှ်ဟတ်ဒ် နိုင်ငံတကာ လေဆိပ်ကို အမေရိကန်က တိုက်ခိုက်ချိန်မှာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ လေယာဉ်ဟာ မူလက ဧပြီ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ဆီ ပျံသန်းပြီး အီရန်အတွက် လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေ သယ်ယူဖို့ စီစဉ်ထားခဲ့တာပါ။
အခုတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် လေယာဉ်က ထိခိုက် ပျက်စီးသွားပြီး မူလမျှော်မှန်းထားတဲ့ မစ်ရှင်ကိုလည်း အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အီရန် အစိုးရ သတင်းရင်းမြစ် တချို့က ပြောပါတယ်။
အမေရိကန်ကတော့ မတ်လ ၃၀ ရက်နေ့က မက်ရှ်ဟတ်ဒ် နိုင်ငံတကာ လေဆိပ်ကို တိုက်ခိုက်မှုအတွင်း လူသားချင်း စာနာမှု မစ်ရှင်အတွက် တာဝန်ယူထားတဲ့ လေယာဉ်ကို ပျက်စီးစေခဲ့ကြောင်း စွပ်စွဲချက်တွေအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

Public Service Announcement
အီရန် အရပ်ဖက် လေကြောင်းပျံသန်းရေး အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ စွပ်စွဲခဲ့သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းလို့လည်း ဝေဖန်ခဲ့ပါတယ်။
Airbus A340 အမျိုးအစား လေယာဉ် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေကြေမှု သတင်းမျိုးတော့ မကြားရပါဘူး။
Mahan လေကြောင်းလိုင်းဟာ အီရန်ရဲ့ အကြီးမားဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်ပြီး အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်နွှယ်တဲ့ဆိုတဲ့ စွပ်စွဲခံရမှုနဲ့အတူ အမေရိကန်ရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ကိုးကား: NDTV
ဓာတ်ပုံ – X/OfficialMahan


















































