Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် ကုန်တင်သင်္ဘော တစ်စီးကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

ပင်လယ်ကွေ့ ဒေသမှာ အီရန်အလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘော တစ်စီးကို အမေရိကန် ရေတပ်က ကြားဖြတ် ဟန့်တား ဖမ်းဆီးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

ပင်လယ်ကွေ့ ဒေသမှာ အီရန်အလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘော တစ်စီးကို အမေရိကန် ရေတပ်က ကြားဖြတ် ဟန့်တား ဖမ်းဆီးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

Touskaဆိုတဲ့ ရေယာဉ်ကို ဖမ်းဆီးခဲ့တာဟာ ဟောမုဇ် ရေလက်ကြားမှာရှိတဲ့ အီရန် ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့ထားတဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ဧပြီ ၁၉ ရက်နေ့က ရေးသားထားခဲ့ပါတယ်။

အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို စစ်အင်အားသုံး ပိတ်ဆို့ထားတဲ့နောက် အီရန်ကလည်း ဟောမုဇ် ရေလက်ကြားမှာ အရပ်ဖက် ရေယာဉ်တွေ ဖြတ်သန်းခွင့်ကို ပြန်ပိတ်ထားမယ်လို့ ကြေညာပြီး သင်္ဘောတချို့ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီး အမေရိကန်က Touskaကို ကြားဖြတ် ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အဲဒီ သင်္ဘောဟာ ရပ်တန့်ထားဖို့ အမေရိကန် ရေတပ်ဆီက သတိပေးချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့နောက် လိုအပ်သလို တုံ့ပြန်အရေးယူ ခံခဲ့ရတာ ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အီရန်နဲ့ ဒုတိယအကြိမ် ပါကစ္စတန်မှာ တွေ့ဆုံ ဆွေးနွေးမယ့်အကြောင်း ထရမ့်က အတည်ပြု ကြေညာအပြီးမှာ အီရန်ရေယာဉ် ဖမ်းဆီးခံမှု ဖြစ်ပေါ်လာတာပါ။

အီရန်ဖက်ကတော့ ဘယ်အရာရှိကို ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ် စေလွှတ်မလဲ ဆိုတာကို မကြေညာသေးပါဘူး။ အီရန် အစိုးရပိုင် သတင်းဌာနကတော့ အမေရိကန်ဟာ ဟောမုဇ်မှာ အီရန်ကို ပစ်မှတ်ထား ပိတ်ဆို့မှုတွေ ဆက်လက် ထားရှိနေမယ်ဆိုရင် အီရန် အရာရှိတွေ အစည်းအဝေးတက်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ သတိပေးထားပါတယ်။

ထရမ့်က ဒီနေ့မှာ အီရန်အလံ လွှင့်ထားတဲ့ Touskaဆိုတဲ့ နာမည်နဲ့ ရေယာဉ်ဟာ အမေရိကန် ရေတပ် ပိတ်ဆို့မှုတွေကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ကြောင်း၊ ပေ ၉၀၀ နီးပါးရှည်ပြီး လေယာဉ်တင် သင်္ဘော တစ်စီးစာလောက် အလေးချိန်ရှိတဲ့ ရေယာဉ်အတွက် အဲဒီ ရွေးချယ်မှုဟာ အကောင်းဆုံးတော့ မဖြစ်ခဲ့ကြောင်း Truthမှာ ရေးသားထားခဲ့ပါတယ်။ အဲဒီသင်္ဘောကို ရှေ့မတိုးဖို့ အမေရိကန်ဖက်က သင့်တင့်တဲ့ အတိုင်းအတာမျိုး သတိပေးခဲ့ပေမယ့် မျက်ကွယ် ပြုခဲ့တဲ့အတွက် အမေရိကန် ရေတပ်သင်္ဘောတွေက Touskaရဲ့ အင်ဂျင်ခန်းမှာ အပေါက်ဖြစ်သွားအောင်လုပ်ပြီး ရပ်တန့်စေခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

Touskaဟာ အရင်က တရားမဝင် လှုပ်ရှားမှုတွေမှာ ဆက်စပ် ပါဝင်ခဲ့ဖူးတာကြောင့် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲမှာ ပါဝင်နေတဲ့ သင်္ဘောတစ်စီးလည်းဖြစ်ကြောင်း၊ အခုအခါ ရေယာဉ် တစ်စီးလုံးကို အမေရိကန်က ထိန်းချုပ်ထားပြီး ဘယ်လိုကုန်စည်တွေ တင်ဆောင်လာသလဲ ဆိုတာကို စစ်ဆေးနေကြောင်းလည်း ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)ကလည်း ရေတပ်သင်္ဘော တစ်စီးက ကုန်တင်ရေယာဉ် တစ်စီးကို ကြားဖြတ် တားဆီးနေတဲ့ ဗီဒီယိုကို ထုတ်လွှင့် ပြသခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ စစ်သင်္ဘောကနေ ကုန်တင်သင်္ဘောဆီ လက်နက် တစ်ခုခုနဲ့ ချိန်ရွယ် ပစ်ခတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အီရန်က အမေရိကန်ရဲ့ ရေတပ်အင်အားသုံး ပိတ်ဆို့မှုတွေဟာ နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီမှုကို တိုက်ရိုက် ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အီရန်နဲ့ အမေရိကန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မအောင်မြင်မချင်း အဲဒီလို ပိတ်ဆို့ထားမယ်လို့ သတိပေး ပြောကြားထားပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – U.S. Central Command

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ဖက်က ကနဦး ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချထားပေမယ့် နှစ်ဖက်ကြား သဘောတူညီမှု တစ်ခုခု ရယူနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်က ဖိအားပေးနေမှုတွေကို တရုတ်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဆန့်ကျင်သွားခဲ့ပါတယ်။

Facebook