နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင်ရတာဟာ အမေရိကန်ကြောင့်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြစ်တင် ပြောကြားလိုက်ပါတယ်။
အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ ဧပြီ ၂၇ ရက်နေ့က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့ဆီ ရောက်ရှိလာခဲ့ပြီး သူဟာ အိမ်ရှင်နိုင်ငံရဲ့ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံမယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာရက်ချီဟာ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ကိစ္စအတွက် အိုမန်၊ ပါကစ္စတန်တို့လို နိုင်ငံတွေဆီလည်း ခရီးတွေ သွားရောက်ခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား အပစ်အခတ် ရပ်စဲထားခဲ့တဲ့နောက် ဧပြီ ၁၁ နဲ့ ၁၂ ရက်နေ့တွေတုန်းက နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးမှု တစ်ခုကို ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့မှာ ပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှု တစ်ခုခု မရခဲ့ဘဲ အဆုံးသတ်သွားပါတယ်။ အဲဒီနောက်ပိုင်း အမေရိကန်နဲ့ အီရန်ကြား တိုက်ရိုက် တရားဝင် တွေ့ဆုံမှုမျိုး ထပ်ပြီး ဖြစ်မြောက်မလာသေးပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အာရက်ချီဟာ ပါကစ္စတန် အစိုးရ တာဝန်ရှိသူတွေဆီ စစ်ရပ်စဲရေးအတွက် အီရန်ဖက်က လိုလားတဲ့ အဆိုပြုချက်တွေကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ပါကစ္စတန်က အဲဒီ အချက်တွေကို အမေရိကန် အစိုးရဆီ လွှဲပြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ရုရှားမြေကို ခြေချပြီးတဲ့နောက် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အာရက်ချီက ပြီးခဲ့တဲ့ အစ္စလာမ်မာဘတ် ဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရရှိခဲ့ပေမယ့် အမေရိကန်ဖက်က အရမ်းလွန်ကဲတာတွေ တောင်းဆိုခဲ့ကြောင်း၊ ဒါကြောင့်လည်း ဆွေးနွေးပွဲရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုမျိုး မရယူနိုင်ဘဲ အဆုံးသတ်ခဲ့ရကြောင်း ဝေဖန် ပြောကြားသွားပါတယ်။
အီရန်-အမေရိကန် ဒုတိယအကြိမ် ဆွေးနွေးပွဲ အထမမြောက်လာသေးတာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အီရန်အနေနဲ့ အချိန်မရွေး အမေရိကန်ဆီ ဆက်သွယ်လို့ရကြောင်း မှတ်ချက်ပေးထားပါတယ်။
အမေရိကန် အစိုးရ အရာရှိ တချို့ကတော့ အီရန်ပေးပို့ထားတဲ့ အဆိုပြုချက်တွေထဲမှာ စစ်ပွဲကို ရပ်ဆိုင်းပေးဖို့၊ အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ဆိုတာတွေ ပါဝင်ခဲ့ပေမယ့် အမေရိကန်ဖက်က အဓိက တောင်းဆိုချက်ဖြစ်တဲ့ အီရန် နျူကလီးယား စီမံကိန်းတွေ အပြီးတိုင် စွန့်လွှတ်ရေး ဆိုတာကိုတော့ နောက်ပိုင်းမှာ ထပ်မံ ဆွေးနွေးဖို့ ကမ်းလှမ်းထားကြောင်း ပြောပါတယ်။
အီရန်နဲ့ အမေရိကန်ကြားက အပစ်ရပ် သဘောတူညီမှုဟာ လက်ရှိ အချိန်ထိ ဆက်ပြီး တည်တံ့နေပေမယ့် စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး ဂယက်ရိုက်ခတ်မှုတွေကတော့ တစ်ကမ္ဘာလုံးကို ဆက်လက်ပြီး သက်ရောက်နေဆဲပါ။
ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးရဲ့ အဓိက အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို အီရန်နဲ့ အမေရိကန်တို့က အပြိုင်ပိတ်ဆို့ထားခြင်းက နိုင်ငံတကာ ရေနံ၊ ဓာတ်ငွေ့နဲ့ ဓာတ်မြေဩဇာ ပို့ဆောင်မှု ကွန်ရက်တွေကို အကြီးအကျယ် ထိခိုက်လာစေပါတယ်။ အကျိုးဆက် အနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေမှာ ဆီစျေး အလွန်အကျွံ မြင့်တက်တာ၊ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ခြိမ်းခြောက်လာနိုင်တာတွေကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ကိုးကား: AFP


















































