Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်အင်အား ၅၀၀၀ လောက် ရုပ်သိမ်းဖို့ အမေရိကန် ဆုံးဖြတ်

နှစ်နိုင်ငံ အစိုးရတွေကြား ပွတ်တိုက်မှုတချို့ ရှိခဲ့တဲ့နောက် ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေထဲက အင်အား ၅၀၀၀ လောက်ကို အမေရိကန်က ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

နှစ်နိုင်ငံ အစိုးရတွေကြား ပွတ်တိုက်မှုတချို့ ရှိခဲ့တဲ့နောက် ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေထဲက အင်အား ၅၀၀၀ လောက်ကို အမေရိကန်က ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။

ဒါဟာ အီရန်စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်တို့ကြားမှာ သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်လာခြင်းရဲ့ နောက်ဆက်တွဲ အခြေအနေလည်း ဖြစ်ပါတယ်။

ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ အီရန်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကိုယ်စားလှယ်တွေ ပညာပြသမျှကို ခံနေရပြီး အရှက်ကွဲနေတယ်လို့ မားဇ်က ဝေဖန်ခဲ့တဲ့နောက် အမေရိကန်ဟာ ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင်တွေ ထုတ်နုတ် ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဧပြီ ၃၀ ရက်နေ့မှာတော့ ထရမ့်က မားဇ်ဟာ အရည်အချင်းအရ ဆိုးရွားလွန်းပြီး လူဝင်မှု ကြီးကြပ်ရေးနဲ့ စွမ်းအင် ကဏ္ဍတွေ အပါအဝင် ကိစ္စ တော်တော်များများမှာ ပြဿနာတွေချည်း ဖြစ်စေခဲ့သူလို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန် ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျာမနီမှာ အခြေစိုက်ထားတဲ့ အမေရိကန် စစ်သည် ၃၆၀၀၀ ကျော်ထဲက ၅၀၀၀ လောက်ကို ရုပ်သိမ်းဖို့ အမေရိကန်က ဆုံးဖြတ်လိုက်တဲ့အပြင် အီတလီနဲ့ စပိန်တို့မှာ ဖြန့်ကျက်ထားတဲ့ တပ်တချို့ကိုပါ ပြန်လည်ခေါ်ယူသွားဖွယ် ရှိနေကြောင်း ထရမ့်က သတိပေးထားပါတယ်။

ဂျာမနီ အခြေစိုက် တပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းမယ့် ကိစ္စကို ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က တိုက်ရိုက် အမိန့်ပေးခဲ့တာလို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်ပါနဲလ်က ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဥရောပ အခြေစိုက် စစ်အင်အား ဖြန့်ကျက်မှုတွေကို ပြန်လည် သုံးသပ်ခြင်းနဲ့ မြေပြင်အခြေအနေ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် စီမံခြင်းတွေအရ ဂျာမနီမှာရှိတဲ့ တပ်အင်အား ၅၀၀၀ လောက်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပါနဲလ်က ပြောကြားခဲ့ပါတယ်။ အဲဒီလို တပ်တွေ ရုပ်သိမ်းမှုဟာ လာမယ့် ၆ လကနေ ၁၂ လအတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက မှတ်ချက်ပေးသွားပါတယ်။

ထရမ့်ဟာ ဂျာမနီ အပါအဝင် အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေကို မကြာခဏ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ချလိုက်တဲ့အခါ ထရမ့်က အဲဒီရေလမ်းကြောင်း ပြန်ဖွင့်နိုင်ရေးအတွက် စစ်ရေးအရ ကူညီပေးဖို့ ဥရောပ နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပ နိုင်ငံတွေကတော့ အဲဒီစစ်ပွဲဟာ သူတို့ရဲ့ ရွေးချယ်မှု မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့ကြလို့ ထရမ့်တစ်ယောက် ဒေါသအိုး ပေါက်ကွဲခဲ့ပါတယ်။

ပင်တဂွန်ဆီက ကြေညာချက် မထွက်လာခင်မှာ သတင်းထောက်တွေက အမေရိကန် အနေနဲ့ NATO မဟာမိတ် အီတလီ၊ စပိန်တို့ဆီကနေ တပ်တွေ ရုပ်သိမ်းနိုင်သလားလို့ မေးခဲ့ကြပြီး ထရမ့်က အဲဒီကိစ္စ ဖြစ်နိုင်ကြောင်း၊ သူ့အနေနဲ့ ဒါမျိုး မလုပ်နိုင်စရာ အကြောင်းလည်း မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အီတလီဟာ အခုထိ အမေရိကန်ကို ဘာမှ မကူညီခဲ့သေးဘဲ စပိန်ကတော့ အရမ်းဆိုးရွားကြောင်း ထရမ့်က အီရန်စစ်ပွဲ ကိစ္စကို ရည်ညွှန်းပြီး ဝေဖန်သွားပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက တက္ကသိုလ် ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အစီအစဉ် တစ်ခုမှာ မားဇ်က အမေရိကန်ဟာ ပြတ်သားတဲ့ မူဝါဒ တစ်ခုခု မရှိဘဲ အီရန်ကို တိုက်ခိုက်ခဲ့တာ ထင်ရှားကြောင်း၊ အဲဒီအတွက် မဟာဗျူဟာ ထွက်ပေါက်လည်း ရှိမယ့်ပုံ မပေါ်ကြောင်း၊ တစ်ဖက်မှာတော့ အီရန်ဟာ ညှိနှိုင်းချင်ရင်ဖြစ်စေ၊ မညှိနှိုင်းချင်ရင်ဖြစ်စေ အရမ်း ပါးပါးနပ်နပ် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နေပြီး အမေရိကန်ဟာ ပါကစ္စတန် နိုင်ငံ၊ အစ္စလာမ်မာဘတ်ဆီ ကိုယ်စားလှယ်တွေ စေလွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပေမယ့် လက်ဗလာနဲ့ ပြန်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန် တစ်နိုင်ငံလုံးဟာ ကောင်းကောင်းကြီး အရှက်ခွဲ ခံနေရသလိုပဲလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

မားဇ်ရဲ့ စကားကို ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ တုံ့ပြန်ခဲ့ရာမှာတော့ ဂျာမနီရဲ့ ခေါင်းဆောင်ဟာ အီရန်မှာ နျူကလီးယား လက်နက် ပိုင်ဆိုင်သွားရင်တောင်မှ ပြဿနာ မရှိဘူးလို့ ခံယူထားပုံ ပေါ်ကြောင်း၊ ဒီတော့ ဂျာမနီ နိုင်ငံဟာ စီးပွားရေးရော၊ တခြားကိစ္စတွေမှာပါ အခြေအနေတွေ အရမ်းဆိုးနေတာလည်း ဘာမှမဆန်းကြောင်း၊ မားဇ်ဟာ သူဘယ်လို အဓိပ္ပါယ်မျိုးနဲ့ စကားတွေ ပြောနေမှန်းတောင် သိပုံမပေါ်ကြောင်း ဝေဖန်ထိုးနှက်သွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အမေရိကန် အောက်လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာတော့ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာကြောင်း သတိပေးသွားပါတယ်။

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း

နိုင်ငံတကာ

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။