Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရုစ်သင်္ဘောပေါ် ဟန်တာဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ ဖျားနာမှုတွေဖြစ်၊ ၃ ဦးသေဆုံး

အတ္တလန္တိတ် သမုဒ္ဒရာထဲ ခုတ်မောင်းနေတဲ့ အပျော်စီး ခရုစ်သင်္ဘော တစ်စီးပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုလို့ ယူဆရတဲ့ အဖျားအနာတွေကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အတ္တလန္တိတ် သမုဒ္ဒရာထဲ ခုတ်မောင်းနေတဲ့ အပျော်စီး ခရုစ်သင်္ဘော တစ်စီးပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုလို့ ယူဆရတဲ့ အဖျားအနာတွေကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ သက်ကြီးပိုင်း လင်မယား စုံတွဲတစ်တွဲ ပါဝင်ခဲ့ပြီး နောက်ထပ် အပြင်းအထန် ဖျားနာနေသူ ၃ ဦးလည်း ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)နဲ့ တောင်အာဖရိက ကျန်းမာရေး ဌာနတို့က မေလ ၃ ရက်နေ့မှာ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးမှု၊ ဖျားနာမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ ဖျားနာမှုတွေထဲက တစ်ခုဟာ ဟန်တာဗိုင်းရပ်စ်ကြောင့်ဆိုတာ ဓာတ်ခွဲ အတည်ပြုထားနိုင်ကြောင်း WHOက ဆိုပါတယ်။

လူနာတွေထဲက တစ်ဦးဟာ တောင်အာဖရိက ဆေးရုံတစ်ခုမှာ အရေးပေါ် အသက်လု ကုသမှုတွေ ခံယူနေရပါတယ်။ နောက်ပြီး ရောဂါလက္ခဏာ ပြသလာတဲ့ တခြားလူနာ နှစ်ဦးကိုလည်း ဆေးရုံဆီ ရွှေ့ပြောင်းနိုင်ရေးအတွက် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေကြောင်း WHOက ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဟန်တာဗိုင်းရပ်စ်ဟာ ကြွက်ရဲ့ ကျင်ငယ်ရည်နဲ့ တခြား အညစ်အကြေးတွေကနေတဆင့် လူကို ကူးစက်တတ်ပါတယ်။ ကြွက်ချေးခြောက်တွေကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရင်လည်း ကူးစက်နိုင်ပါတယ်။ အဲဒီဗိုင်းရပ်စ်ကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြင်းထန်တဲ့ ရောဂါဝေဒနာမျိုး ခံစားရနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ ဟန်တာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါကို ကြွက်တွေကနေ ကူးစက်တဲ့ အဆုတ်ရောင် ရောဂါတစ်ခုလို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ တုပ်ကွေးဆန်ဆန် ဖျားတာ၊ ချမ်းတုန်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာတွေ ဖြစ်နိုင်ပြီး ပြင်းထန်တဲ့ အဆင့်မှာတော့ အဆုတ်မှာ အရည်တွေပြည့်ရင်း နမိုးနီးယားပုံစံ ဖြစ်လာနိုင်ပါတယ်။ အဲဒီအဆင့်မှာ နှလုံးနဲ့ ကျောက်ကပ်တွေ ပျက်စီးပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ WHOဟာ ဟန်တာဗိုင်းရပ်စ်ကို အထူးသတိထားသင့်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါတစ်ခုလို့ သတ်မှတ်ထားပါတယ်။ အရမ်း ဖြစ်နိုင်ခြေ နည်းပေမယ့် အဲဒီဗိုင်းရပ်စ်ဟာ လူအချင်းချင်းကြားမှာလည်း ကူးစက်နိုင်တယ်လို့ WHOက သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ သုံးပတ်လောက်က အာဂျင်တီးနားကနေ ထွက်ခွာလာခဲ့ပြီး စပိန်ရဲ့ ကာနေကျွန်းစုဆီ ဦးတည် ခုတ်မောင်းနေရင်း MV Hondius သင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ ဖျားနာမှုတွေ ဖြစ်ပွားခဲ့တာပါ။ လောလောဆယ်တော့ သင်္ဘောကို အာဖရိက အနောက်ပိုင်း၊ ကိပ်ဗာဒီနိုင်ငံရဲ့ မြို့တော် ပရာရီရာမှာ ကျောက်ချ ရပ်နားထားပါတယ်။

MV Hondiusဟာ အန္တာတိကတိုက်နဲ့ တောင်ဝင်ရိုးစွန်း ဒေသတွေဆီ ခရီးလှည့်လည်ဖို့ အထူးတည်ဆောက်ထားတဲ့ ခရုစ်သင်္ဘော တစ်စီးဖြစ်ပြီး အမှုထမ်း ၇၀ လောက် လိုက်ပါလာပါတယ်။ ကူးစက်မှုတွေကို စတင်တွေ့ရှိချိန်က သင်္ဘောပေါ်မှာ ခရီးသည် ၁၅၀ လောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

WHOကတော့ သက်ဆိုင်ရာ နိုင်ငံအသီးသီးနဲ့ ဆက်သွယ်ပြီး သင်္ဘောပေါ်မှာ ဆက်ပြီး ကျန်နေသူတွေအတွက် ကျန်းမာရေးဆိုင်ရာ သင့်တော်တဲ့ အစီအမံတွေ ထောက်ပံ့ပေးနိုင်အောင် စီစဉ်နေကြောင်း ကြေညာထားပါတယ်။

ဟန်တာဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုထုံး၊ ကုသဆေးတွေ မရှိသေးပါဘူး။ ဒါပေမဲ့ ရောဂါလက္ခဏာတွေ သက်သာအောင် စောစောစီးစီး ကုသမှု ခံယူမယ်ဆိုရင် အသက်ရှင်နှုန်းလည်း ပိုမြင့်လာနိုင်ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟန်တာဗိုင်းရပ်စ် ကူးစက်နိုင်ခြေနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း တစ်ဒါဇင်လောက်မှာ အရေးတကြီး ခြေရာခံ စောင့်ကြည့်မှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အတ္တလန္တိတ် သမုဒ္ဒရာထဲက အပျော်စီး ခရုစ်သင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခဲ့မှုတွေဟာ အလေးအနက် ထားရမယ့် ကိစ္စဆိုတာ မှန်ပေမယ့် ကပ်ရောဂါဆိုးကြီး တစ်ခုရဲ့ အစတော့ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတကာ

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပင်လယ်ပြင်မှာ ဒုက္ခကြုံနေတဲ့ ဇိမ်ခံ ခရုစ်သင်္ဘောဟာ စပိန်ပိုင် ကာနေကျွန်းစုမှာ သွားရောက်ပြီး ကမ်းကပ်ခွင့် ရမယ်လို့ စပိန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။