အမေရိကန်ဆီက စစ်ရပ်စဲရေး ငြိမ်းချမ်းရေး အဆိုပြုချက်ကို စဉ်းစားနေကြောင်း အီရန် အစိုးရက ပြောပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား သဘောတူညီမှုတစ်ခု ရရှိဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ အီရန်ဖက်က အခုလို မှတ်ချက်စကားမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန် သတင်းဌာန Axiosက အိမ်ဖြူတော် အနေနဲ့ အချက် ၁၄ ခုပါတဲ့ သဘောတူညီမှု တစ်ခုကို အီရန်နဲ့ ညှိနှိုင်းရယူနိုင်မယ်လို့ ယုံကြည်နေကြောင်္ငး မေလ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ အချက်တွေဟာ အမေရိကန်က လိုလားတဲ့ တောင်းဆိုချက်တွေချည်းပဲ ဖြစ်ပြီး အီရန်က လိုက်လျောပေးဖို့ စဉ်းစားနေရပြီဆိုတဲ့ မှန်းဆချက်တွေကိုတော့ အီရန် လွှတ်တော်ရဲ့ ထိပ်ပိုင်း အရာရှိ တစ်ဦးက ငြင်းဆိုခဲ့ပါတယ်။

Public Service Announcement
အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ အမေရိကန်ဖက်က အဆိုပြုချက်ကို အီရန်က လက်ခံစဉ်းစားနေပေမယ့် အီရန်ရဲ့ သဘောထား ဆန္ဒတွေကိုလည်း ကြားခံ ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန် အစိုးရဆီ မျှဝေသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လက်ရှိ ရယူထားတဲ့ အီရန်-အမေရိကန် အပစ်ရပ် သဘောတူညီမှုကနေ စစ်ပွဲကို အပြီးတိုင် အဆုံးသတ်စေမယ့် တရားဝင် ငြိမ်းချမ်းရေး ရယူမှု အဆင့်ထိ ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေကြောင်း ကြေညာထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်နဲ့ အတော်ကြီး အဆင်ပြေပြေ စကားပြောဖြစ်ခဲ့ပြီး သဘောတူညီမှုတစ်ခု ရယူနိုင်ဖို့ ဖြစ်နိုင်ခြေတွေ ရှိလာပြီလို့ မေလ ၆ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။
Axiosရဲ့ အဆိုအရ အမေရိကန်ရဲ့ အဆိုပြုချက်တွေဟာ စာမျက်နှာ တစ်မျက်နှာတည်းမှာ ရေးသားထားတဲ့ အချက်ပေါင်း ၁၄ ခု ပါဝင်ပြီး အီရန် နျူကလီးယားအရေး ညှိနှိုင်းမှုတွေနဲ့ ပတ်သက်လို့ ပိုပြီး အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို ထည့်သွင်းထားကြောင်း သိရပါတယ်။
ဒါ့အပြင် အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုတွေကို ဆိုင်းငံ့ထားဖို့၊ အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့နဲ့ ဟောမုဇ် ရေလက်ကြား ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်ဖက်က စဉ်းစားသုံးသပ်နေဆဲ ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် တစ်ခုချု ချမှတ်နိုင်ပြီ ဆိုရင်တော့ အီရန်ရဲ့ သဘောထားကို ပါကစ္စတန်ဆီကနေတဆင့် အမေရိကန်ဆီ တုံ့ပြန် အသိပေးသွားမှာဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အစ္စမေးလ် ဘက်ဂ်ဟိုင်းက ပြောကြားခဲ့ပါတယ်။
အမေရိကန် တောင်းဆိုထားတဲ့ အချက်တွေကို အီရန်က လိုက်လျောဖို့ ရှိနေတယ်ဆိုတဲ့ Axiosရဲ့ သတင်းနဲ့ ပတ်သက်လို့တော့ အီရန် လွှတ်တော်ရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ကော်မရှင် ပြောရေးဆိုခွင့်ရ အရာရှိ အီဘရာဟင် ရက်ဇာရီက အမေရိကန်ဟာ ရှုံးနိမ့်နေတဲ့ စစ်ပွဲတစ်ခုကနေ ဘယ်လို အသာစီး ကိစ္စမျိုးမှ ရယူနိုင်မှာ မဟုတ်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။
အစောပိုင်းမှာတော့ ထရမ့်က သဘောတူညီမှု တစ်ခုခု မရခဲ့ဘူးဆိုရင် အီရန်မှာ စစ်ဆင်တိုက်ခိုက်မှုတွေ ပြန်စလာနိုင်တယ်လို့ သတိပေး ခြိမ်းခြောက်ထားပါတယ်။ ဗုံးကြဲတာတွေ ပြန်စလာမှာဖြစ်ပြီး အဲဒီအခါကျရင်တော့ အရင်က တိုက်ခိုက်ခဲ့တာတွေထက် အများကြီး ပိုပြင်းထန်တဲ့ အခြေအနေမျိုးကို အီရန်က ကြေကွဲစရာ ကြုံတွေ့သွားမှာဖြစ်ကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။
ထရမ့်က အီရန်ဟာ နျူကလီးယား လက်နက်တစ်ခုခု ပိုင်ဆိုင်ဖို့ ဘယ်တော့မှ မကြိုးစားပါဘူးလို့လည်း သဘောတူခဲ့ကြောင်း ထပ်ပြောခဲ့ပါတယ်။ ဒီစကားမျိုးကို အရင်ကလည်း ထရမ့်က ပြောဆိုခဲ့ဖူးပြီး အီရန် အစိုးရကတော့ ဘယ်တုန်းကမှ အတည်မပြုခဲ့ပါဘူး။ လက်ရှိ နှစ်နိုင်ငံကြား ညှိနှိုင်းမှုတွေ ရှေ့တိုးဖို့ ခက်နေရာမှာ အီရန် နျူကလီးယားအရေး သဘောတူညီမှု မရခြင်းက အဓိက အကြောင်းတရားလည်း ဖြစ်နေခဲ့ပါတယ်။
ကိုးကား: BBC


















































