Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ထားတဲ့ အီရန်အပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေနဲ့ တုံ့ပြန်ဖို့ EU စီစဉ်

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ လုပ်ရပ်အတွက် အီရန် အစိုးရကို အရေးယူ ပိတ်ဆို့မှု အသစ်တွေနဲ့ တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ လုပ်ရပ်အတွက် အီရန် အစိုးရကို အရေးယူ ပိတ်ဆို့မှု အသစ်တွေနဲ့ တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပြီ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့နောက် အီရန်ဟာ စစ်ပွဲကာလ တလျှောက်လုံးနီးပါးမှာ နိုင်ငံတောင်ပိုင်းက ကျဉ်းမြောင်းသွယ်လျတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ထားခဲ့ပြီး ဖြတ်သန်းခုတ်မောင်းတဲ့ နိုင်ငံတကာ အရပ်ဖက် ရေယာဉ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဟောမုဇ်ဟာ ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် နေ့စဉ်ဖြတ်သန်းသယ်ယူရာ မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုပါ။ ဟောမုဇ်ကို အီရန်က ပိတ်ထားလိုက်ပြီး မိတ်ဖက်နိုင်ငံတွေရဲ့ ရေယာဉ် အနည်းအကျဉ်းကိုပဲ ဖြတ်သန်းခွင့် ပေးခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ပါရှန်းပင်လယ်ကွေ့တဝိုက် ရေပြင်မှာ သင်္ဘောတွေ ရာနဲ့ချီ ပိတ်မိနေသလို နိုင်ငံတကာ ရေနံနဲ့ လောင်စာဆီ စျေးတွေပါ မြင့်တက်ကုန်ပါတယ်။

ဟောမုဇ် ရေလက်ကြားရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို တားဆီး ပိတ်ဆို့ထားတဲ့ အီရန်ရဲ့ လုပ်ရပ်တွေကို တန်ပြန်တဲ့ အနေနဲ့ အရေးယူ ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ဖို့ EUက စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း EUရဲ့ လွှတ်တော် အမတ်တွေ ကိုယ်စားပြု အစုအဖွဲ့ဖြစ်တဲ့ ဥရောပ ကော်မရှင်က မေလ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့ ရေလက်ကြား ပိတ်ဆို့မှုဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေပြီး EU အဖွဲ့ဝင် အစိုးရတွေဟာ လက်ရှိ အီရန် အစိုးရအပေါ် သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပိုမို ချဲ့ထွင်ပြီး တုံ့ပြန်ဖို့ ပြင်ဆင်နေကြောင်း ကော်မရှင် ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ အီရန်အစိုးရနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေပါ ပစ်မှတ်ထား ပိတ်ဆို့မှုတွေ ရှိလာနိုင်ပါတယ်။

EUဟာ အီရန်အစိုးရအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေအရလည်း အရင်ကတည်းက စီးပွားရေး ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ EU အနေနဲ့ ဟောမုဇ် ရေလက်ကြား ကိစ္စနဲ့ ပတ်သက်လို့ အီရန်ရဲ့ ဘယ်လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူမှု အသစ်တွေ သတ်မှတ်မလဲ ဆိုတာကို ထုတ်မပြောသေးပါဘူး။

EU အဖွဲ့ဝင် နိုင်ငံသားတွေ အနေနဲ့ အဲဒီ ပိတ်ဆို့စာရင်းမှာ ပါဝင်လာသူတွေနဲ့ ပူးတွဲပြီး စီးပွားရေးလုပ်တာ၊ ငွေကြေးလွှဲပြောင်းတာ၊ စီးပွားရေး အရင်းအမြစ်တွေ မျှဝေတာတွေ လုပ်ပိုင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

ဟောမုဇ် ရေလက်ကြား ပိတ်ခံထားရတာ ၃ လ နီးပါးကြာမြင့်လာခြင်းက ကမ္ဘာတစ်ဝန်းမှာ ကြီးမားတဲ့ ဆင့်ကဲ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာစေပြီး လောင်စာဆီ စျေးတက်ခြင်းနဲ့အတူ စားနပ်ရိက္ခာနဲ့ တခြားကုန်စည်တွေ၊ ဝန်ဆောင်မှုတွေရဲ့ စျေးနှုန်းတွေပါ မြင့်တက်လာခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။