အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
TikTok၊ Snapchat၊ Instagram အစရှိတဲ့ လူမှုကွန်ရက် appတွေကို ကလေးတွေနဲ့ ချိတ်ဆက်ခွင့် ပေးတော့မှာ မဟုတ်ကြောင်း ဇွန်လ ၁၅ ရက်နေ့မှာ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။ အဲဒီ ကိစ္စကို ခရစ္စမတ် မတိုင်ခင်မှာ လုပ်ထုံးလုပ်နည်း အဆင့်အားလုံး ပြီးမြောက်စေဖို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုပါတယ်။
ပြီးတော့ ကလေးတွေကို လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုဟာ လာမယ့်နှစ် နွေဦးပေါက်မှာ စတင် အသက်ဝင်လာစေမှာ ဖြစ်ပါတယ်။ Meta၊ Snapchatနဲ့ YouTubeတို့လို လူမှုကွန်ရက် မီဒီယာ လုပ်ငန်းတွေကတော့ ကလေးတွေရဲ့ လူမှုကွန်ရက် သုံးစွဲခွင့်ကို သိမ်းကြုံး ပိတ်ပစ်တာမျိုးဟာ လူငယ်တွေကို ပိုပြီး ဘေးထွက်ဆိုးကျိုး များပြားတဲ့ အွန်လိုင်း သုံးစွဲမှုတွေဆီ တွန်းပို့သလို ဖြစ်သွားနိုင်ကြောင်း တုံ့ပြန် ဝေဖန်ထားပါတယ်။
စတာမာကတော့ အခု ပိတ်ပင်မှုဟာ ကလေးတွေရဲ့ လူမှုဘဝ တိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်ကြောင်း ပြောပါတယ်။ ဗြိတိန် ကလေးငယ်တွေရဲ့ လုံခြုံဘေးကင်းရေးနဲ့ ပျော်ရွှင်မှုတွေအတွက် သူဟာ ဘယ်လို အပေးအယူလုပ် ညှိနှိုင်းမှုကိုမှ လက်ခံမှာ မဟုတ်ကြောင်း၊ အခု ပိတ်ပင်မှုဟာ ကျိန်းသေပေါက် လိုအပ်သလို ဖြစ်ကို ဖြစ်လာရလိမ့်မယ်လို့ စတာမာက ဆိုပါတယ်။

Public Service Announcement
အသက် ၁၆ နှစ်အောက် အရွယ်တွေကို လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်မယ့် ပလက်ဖောင်းတွေ စာရင်းကို အစိုးရက တိတိကျကျ မထုတ်ပြန်သေးပေမယ့် YouTube၊ Facebookနဲ့ Xတို့ ပါဝင်လာမယ်လို့ သိရပါတယ်။ အဲဒီ လူမှုကွန်ရက် မီဒီယာတွေဆီ ဝင်ရောက်တဲ့ အခါမှာ အသက် ၁၆ နှစ် ပြည့်ပြီးပြီလား ဆိုတာကို သေချာ ဆန်းစစ်ပြီးမှ လက်ခံ ခွင့်ပြုစေမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အကြွေးဝယ်ကတ်လို အသက် ၁၈ နှစ် ကျော်လွန်ပြီး အထောက်အထား အချက်အလက် စာရင်း သွင်းထားတဲ့ အကောင့်တွေ၊ အီးမေးလ်တွေမှာ အသက် ၁၆ နှစ် အထက်ဆိုတာ အတည်ပြု စစ်ဆေးပြီးသား အကောင့်တွေကတော့ ပြန်လည် စစ်ဆေးမှု ခံယူစရာ မလိုအပ်ပါဘူး။
Message ပေးပို့တဲ့ WhatsAppနဲ့ Signalတို့ကတော့ ပိတ်ပင်မှု စာရင်းထဲ ပါဝင်မှာ မဟုတ်သလို Robloxလို အွန်လိုင်း ဂိမ်းပလက်ဖောင်းတွေ၊ YouTubeရဲ့ ကလေးတွေအတွက် စီစဉ်ပေးထားတဲ့ YouTube Kidတို့ကလည်း ကင်းလွတ်ခွင့် ရကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၁၆ နှစ်အောက် သုံးစွဲသူတွေဟာ တိုက်ရိုက် ဗီဒီယို ထုတ်လွှင့်တာမျိုး featureတွေကို အသုံးပြုခွင့် ရမှာ မဟုတ်သလို လူစိမ်းတွေကလည်း ကလေးတွေရဲ့ အကောင့်တွေဆီ ချိတ်ဆက်လို့ ရမှာ မဟုတ်ပါဘူး။
ဉာဏ်ရည်တု နည်းပညာ (AI) chatbotတွေကို အသုံးပြုပြီး အသက် ၁၈ နှစ်အောက် အရွယ်တွေက လိင်ကိစ္စနဲ့ တခြားမဖွယ်မရာ အကြောင်းအရာတွေ ပြောဆိုမှုကိုလည်း တားမြစ်သွားမှာ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ ကလေးသူငယ် စောင့်ရှောက်ရေးနဲ့ အွန်လိုင်းလုံခြုံရေး အဖွဲ့အစည်း အများအပြားကတော့ အခုလို ပိတ်ပင်မှုကို ကြိုဆိုခဲ့ကြပါတယ်။ လူငယ်တွေနဲ့ လူမှုကွန်ရက် မီဒီယာတွေ အရမ်း နီးကပ်နေတဲ့ ပြဿနာကို ညတွင်းချင်း ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့် အခုအရွေ့ကတော့ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုလို့ Smartphone Free Children အဖွဲ့ ထူထောင်သူ ဂျိုးရိုင်ရီက ပြောပါတယ်။
Snapchat ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ အွန်လိုင်း လုံခြုံရေးကို အလေးထားရမယ်ဆိုတဲ့ သဘောထားကို အလေးအနက် ထောက်ခံထားပေမယ့် အခုလို အလုံးစုံ ပိတ်ပင်တာမျိုးကိုတော့ သဘောမတူကြောင်း တုံ့ပြန်ထားပါတယ်။
YouTubeကလည်း ကုမ္ပဏီရဲ့ ပလက်ဖောင်းမှာ ဆယ်ကျော်သက် အရွယ်တွေကို အကာအကွယ်ပေးဖို့ အစီအမံတွေ အများကြီး ထည့်သွင်းပေးထားတယ်လို့ ပြောပါတယ်။ YouTubeဟာ လူငယ်တွေ၊ ဆရာတွေ၊ မိဘတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ ပညာရေး အထောက်အပံ့တွေ ပေးဖို့ အထူးအရေးကြီးတဲ့ ရင်းမြစ်တစ်ခုလို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
TikTokရဲ့ ကြေညာချက်မှာတော့ ဗြိတိန် အစိုးရရဲ့ စည်းမျဉ်းတွေကို အသေးစိတ် ပြန်လည် ဆန်းစစ် လေ့လာနေကြောင်း၊ အာဏာပိုင်တွေနဲ့ အပြုသဘောဆန်တဲ့ ပူးပေါင်းဖြေရှင်းမှုမျိုး လုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။
မနှစ်က ဒီဇင်ဘာလမှာ ဩစတြေးလျဟာ အသက် ၁၆ နှစ်အောက် အရွယ်တွေကို လူမှုကွန်ရက် သုံးစွဲခွင့်ပိတ်တဲ့ ပထမဆုံး ကမ္ဘာ့နိုင်ငံအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။ အဲဒီနောက် ဩစတြီးယား၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပိုလန်၊ ဆလိုဗေးနီးယား၊ စပိန်နဲ့ တူရကီ နိုင်ငံတွေဟာလည်း အလားတူ စည်းမျဉ်းမျိုး စတင်ကျင့်သုံးတာ၊ ကျင့်သုံးဖို့ အစပြု စီစဉ်တာတွေကို လုပ်ဆောင်လာခဲ့ပါတယ်။
ကိုးကား: BBC


















































