Connect with us

Hi, what are you looking for?

အတွေးအမြင်

ပြည်ထောင်စုသမ္မတ မျှော်လင့်ချက်များစွာနဲ့နိုင်ငံတော်က ရုန်းထွက်ကြစို့

-Anynon ​ရေးသားသည်။

မြန်မာပြည်သူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့မျှော်လင့်ချက်တွေကသာ များနေတာ ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြပါဘူး။

ဟိုဟာလေးဖြစ်မလားဆိုပြီးမျှော်လိုက်ရ၊ဒီဟာလေး ဖြစ်မလားဆိုပြီး စောင့်လိုက်ရနဲ့၊ အဆုံးသတ်မှာတော့ ဘာတခုမှ လက်တွေ့မဖြစ်လာဘဲ လေဟာနယ်ထဲမှာပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။

တိုင်းပြည်တခုမှာ မျှော်လင့်ချက်တွေသာ ဒီလောက်များပြားပြီးတခုမှ ဖြစ်မလာဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ တခုခု အလွန်အမင်း မှားယွင်းနေပြီဆိုတာ သေချာနေပါပြီ။

Public Service Announcement

Public Service Announcement

ကျွန်တော်တို့တိုင်းပြည်အေးချမ်းဖို့ မျှော်လင့်ကြတယ်။ဒါပေမဲ့အာဏာကို အာသာငမ်းငမ်းတပ်မက်နေတဲ့ စစ်အာဏာရှင်တွေကြောင့် ငြိမ်းချမ်းရေးတွေ အဟောသိကံဖြစ်ရပြီး ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ ဆိတ်သုန်းကြရတယ်။

ပြည်သူတွေဟာ တရားတဲ့ ဥပဒေအောက်မှာ ဥပဒေနဲ့အညီ နေထိုင်ခြင်ကြပေမဲ့ မတရားတဲ့ ဥပဒေတွေ ရှိနေတာများပါတယ်။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ပေးရမယ့်အရာ ဖြစ်ရမယ့်အစား၊ အာဏာရှိသူတွေရဲ့ လက်ကိုင်တုတ်အဖြစ် ပြောင်းလဲပြီး ပြည်သူကို ခြိမ်းခြောက်နေသရွေ့တော့ တရားတဲ့ ဥပဒေတွေအောက်နေချင်တဲ့မျှော်လင့်ချက်ဟာ အိပ်မက်ထဲမှာပဲ ရှိနေဦးမှာပါ။

အစိုးရတရပ်ရဲ့ တာဝန်ဆိုတာ ပြည်သူကို လူလိုသူလို ဆက်ဆံ အလုပ်အ​ကြွေးပြုရဖို့ ဖြစ်ပေမဲ့၊ အုပ်ချုပ်သူတွေက ပြည်သူကို ပိုင်ဆိုင်မှုတခုလို သဘောထားပြီး ဖိနှိပ်နေတဲ့အတွက် ပြည်သူကိုအလေးထားတဲ့ အစိုးရဆိုတာ မျှော်တိုင်းဝေးနေရဆဲ ဖြစ်ပါတယ်။

မြန်မာပြည်သူတိုင်းနီးပါးမှာ တူညီတဲ့ မျှော်လင့်ချက်ရှိကြပါတယ်။မတရားဖမ်းဆီးခံထားရတဲ့ အသက် ၈၁ နှစ်အရွယ် အမေအိုအရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဥ်းသားဘဝကနေ ပြန်လည်လွတ်မြောက်ရေးပါ။

ဒေါ်အောင်ဆန်းစုကြည်ဆို ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်မရတာ အတော်ကြာနေပြီး သေသလားရှင်သလားတောင် မသေချာပါဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုဟာ တိုင်းပြည်ရဲ့ လွတ်လပ်မှုနဲ့ အမြဲတမ်း တိုက်ရိုက်ဆက်စပ်နေပါတယ်။

‌မြန်မာပြည်သူတွေ ချစ်မြတ်နိုးရတဲ့ လူထုခေါင်းဆောင်ကို အကျဥ်းသားဘဝကနေ လွတ်မြောက်ချင်ကြတဲ့ မျှော်လင့်ချက်ဆန္ဒတွေဟာ ကနေ့အထိ မပြည့်ဝသေးပါဘူး။

နေ့စဉ်ဘဝရဲ့ စီးပွားရေး ရုန်းကန်မှုတွေကို ကြည့်လိုက်ရင်လည်း မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှုနေရတာပါ။ ကုန်စျေးနှုန်းတွေက ကောင်းကင်ကို ထိုးတက်နေပြီး ပြည်သူတွေရဲ့ ဝင်ငွေကတော့ ဟိုးအောက် အဝီစိထိ ထိုးကျနေပါတယ်။

လူတစ်စုက တိုင်းပြည်ကိုစိတ်တိုင်းကျဖျက်ဆီးတဲ့ စစ်ကျွန်ဘဝကလွတ်​မြောက်ချင်ကြတယ်။​နွေဦး​တော်လှန်​ရေးမှာ ဘယ်တုန်းကမှမ​ရောက်ဘူးတဲ့အဆင့်​ရောက်လာ​​ပေမယ့် ပန်းတိုင်​တော့မရ​သေးဘူး ။

ကုန်စျေးနှုန်းနဲ့ဝင်ငွေအချိုး ညီမျှတဲ့ခေတ်ကာလကို မျှော်လင့်နေကြပေမယ့်၊ ဘယ်ဆီ ဘယ်ချိန်မှ ရမယ်မှန်း မသေချာသေးပါဘူး။

စနစ်တကျ မရှိတဲ့ ပညာရေးနဲ့ ဆေးဝါးမလောက်ငှတဲ့ ကျန်းမာရေးစနစ်တွေကြားမှာ လူငယ်တွေရဲ့ အနာဂတ်ဟာ မှုံဝါးဝါးဖြစ်နေပြီး ပြည်သူတွေရဲ့ကျန်းမာရေးတွေဟာလည်း ငွေမရှိရင် ဆေးကုသခံခွင့် မလွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်။

အခြေခံအခွင့်အရေးတွေဖြစ်တဲ့ပညာကောင်းမွန်စွာသင်ကြားခွင့်ရ‌ရေးနဲ့ လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးတွေကို ပြည်သူတွေက လိုချင်ကြ၊ ရချင်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအခွင့်အရေးတွေက အဝေးကြီးမှာပဲ ရှိပါသေးတယ်။

အခုချိန်မှာ​တော့ မြန်မာပြည်သူ​တွေဟာ သမိုင်းတ​လျှောက်အဆိုးယုတ်ဆုံး စစ်အာဏာရှင်တွေကြောင့် အခက်ခဲဆုံးကာလကိုရင်ဆိုင်​နေရပါတယ် ။မျှော်လင့်ချက်တွေ အများကြီးနဲ့ ရှင်သန်နေရပြီး မျှော်လင့်ချက်တွေအတွက် အခက်အခဲတွေကြားထဲမှာ ရုန်းကန်နေရတဲ့ “ပြည်ထောင်စုသမ္မတ မျှော်လင့်ချက်များစွာနဲ့ ရုန်းကန်နေရတဲ့ နိုင်ငံတော်” ဖြစ်နေပါပြီ။

မျှော်လင့်ချက်ဆိုတာ အလုပ်မလုပ်ဘဲ ထိုင်စောင့်နေရုံနဲ့ ပြည့်ဝလာမှာ မဟုတ်ပါဘူး။

ဒီမျှော်လင့်ချက်တွေကို အိပ်မက်တွေအဖြစ် မထားပဲ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် စနစ်တခု ရဖို့ ပြန်လည် တည်ဆောက်ကြိုးစားကြရမှာပါ။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်၊ ဖိနှိပ်မှုကနေလွတ်လပ်မှု၊ ဆင်းရဲမွဲတေမှုကနေ ဖွံ့ဖြိုးတိုးတက်မှုဆီကို ပြောင်းလဲဖို့ဆိုတာ ပြည်သူအားလုံးရဲ့ ပေါင်းစည်းပြီး စစ်အာဏာရှင်ကို တော်လှန်ကြရမှာ ဖြစ်ပါတယ်။

အလုပ်အကိုင် အဆင်ပြေဖို့၊ ကုန်စျေးနှုန်းတွေ ကျဆင်းဖို့၊ ကျန်းမာရေးနဲ့ ပညာရေးတွေကောင်းမွန်ဖို့ဆိုတာဟာ အခြေခံလိုအပ်ချက်တွေဖြစ်ပြီး၊ဒီလိုအပ်ချက်တွေကိုအမှန်တကယ် ပြည့်ဖို့ဆိုရင် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ပြည်သူ့ဆန္ဒကို အခြေခံတဲ့၊ ပြည်သူ့အကျိုးကို ဦးတည်တဲ့ အစိုးရတရပ် စနစ်တခု ရှိကိုရှိရမှာပါ။

“ပြည်ထောင်စုသမ္မတ မျှော်လင့်ချက်များစွာနဲ့နိုင်ငံတော်”ကနေ ရုန်းထွက်ကြပါစို့။အာဏာရှင်ကို ဖြုတ်ချဖို့ အဆုံးထိ တော်လှန်ကြပါစို့။

ဆက်စပ်သတင်းများ

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။