Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာတာက ဓာတ်ငွေ့စက်ရုံ ပေါက်ကွဲမှုမှာ သေဆုံးသူ တစ်ဒါဇင်ကျော်ထိ မြင့်တက်လာ

ကာတာနိုင်ငံရဲ့ ဓာတ်ငွေ့တွေ သန့်စင်ပြီး သိုလှောင်ထားတဲ့ အဓိက နေရာတစ်ခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး သေဆုံးသူ ဦးရေဟာ တစ်ဒါဇင်ကျော်ထိ မြင့်တက်လာပါတယ်။

ဓာတ်ပုံ - AFPTV

ကာတာနိုင်ငံရဲ့ ဓာတ်ငွေ့တွေ သန့်စင်ပြီး သိုလှောင်ထားတဲ့ အဓိက နေရာတစ်ခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး သေဆုံးသူ ဦးရေဟာ တစ်ဒါဇင်ကျော်ထိ မြင့်တက်လာပါတယ်။

အီရန် စစ်ပွဲကာလအတွင်း အီရန်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ပိတ်ထားရတဲ့ ဓာတ်ငွေ့ စက်ရုံဝင်းကြီးမှာ လုပ်ငန်းတွေ ပြန်လည်ပတ်ပြီး မကြာခင် ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တာပါ။

စစ်ပွဲထဲမှာ အဲဒီနေရာဟာ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေ ပစ်မှတ်ထား တိုက်ခိုက်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ သိသိသာသာ ဖြစ်ပေါ်ခဲ့ပြီး ဓာတ်ငွေ့ သန့်စင် ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ ပြင်ဆင်မှုတွေအပြီး လုပ်ငန်း ပြန်လည် လည်ပတ်ချိန်မှာတော့ ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပြီး လူ ၁၃ ဦးထက်မနည်းသေ၊ ၆၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တာပါ။

ဒိုဟာမြို့တော်နားက ရက်စ်လာဖန် စက်မှုမြို့တော် စီမံကိန်းမှာ တည်ရှိတဲ့ ဘာဇန် ဓာတ်ငွေ့စက်ရုံ ပေါက်ကွဲမှု အကြောင်းရင်းကို တိတိကျကျ မထုတ်ပြန်သေးပေမယ့် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုခုကြောင့်လို့ ယူဆကြောင်း စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရဲ့ စွမ်းအင် ဝန်ကြီးဌာနကလည်း အခုဖြစ်ရပ်ဟာ ကာတာရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေမှာ အသေအပျောက် အများဆုံး မတော်တဆမှု တစ်ခုအဖြစ် ဝန်ခံခဲ့ပါတယ်။ ကာတာ စွမ်းအင်ဝန်ကြီး ဆက်ဒ် ရှယ်ရီဒါ အယ်လ်ဆာဘီက အဲဒီ စက်ရုံဟာ အရင်က အီရန်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ကြုံဖူးပေမယ့် အခုဖြစ်စဉ်မှာတော့ တမင်ရည်ရွယ်ထားတဲ့ ဖျက်လိုဖျက်ဆီးမှုမျိုး၊ ရန်လိုတိုက်ခိုက်မှုမျိုး မပါဘဲ မတော်တဆမှု သက်သက်ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

သေဆုံးသူတွေဟာ အိန္ဒိယ နိုင်ငံသား ၁၂ ဦးနဲ့ ပါကစ္စတန် နိုင်ငံသား ၁ ဦးဖြစ်ပြီး ဒဏ်ရာရသူ ၆၆ ဦးထဲမှာတော့ အသက်အန္တရာယ် စိုးရိမ်ရသူ မပါဝင်ခဲ့ပါဘူး။

ပေါက်ကွဲတဲ့ အရှိန်က ပြင်းလွန်းလို့ ဒိုဟာမြို့လယ်မှာပါ သိသိသာသာ သက်ရောက် ခံစားခဲ့ရပါတယ်။ ပြီးတော့ စက်ရုံဝင်း တဝိုက်က အဆောက်အအုံတွေမှာ ပြတင်းပေါက် မှန်တွေပါ ကွဲထွက်ကုန်ပါတယ်။ ပေါက်ကွဲမှုဟာ ဒိုဟာဆီ ဓာတ်ငွေ့ ဖြန့်ဝေပေးတဲ့ ယူနစ်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ပြည်တွင်း ထောက်ပံ့မှုနဲ့ ပြည်ပ တင်ပို့မှု ကဏ္ဍတွေအပေါ် ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိနိုင်ကြောင်း ဝန်ကြီးက ဆိုပါတယ်။ နောက်ပြီး ပေါက်ကွဲမှုကြောင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက် ပျက်စီးမှုတွေလည်း မရှိဘူးလို့ သူက အတည်ပြုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး သဘာဝ ဓာတ်ငွေ့အရည် (LNG) ထုတ်လုပ်ရေး ဇုန်နယ်မြေမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြီးအပြီး ကောင်းကင်ယံမှာ လိမ္မော်ရောင် မီးတောက်တွေနဲ့ မည်းနက်တဲ့ မီးခိုးလုံးတွေ ထိုးတက်နေတာကို ကီလိုမီတာ ၂၀ လောက် အကွာကနေတောင် မြင်ခဲ့ရပါတယ်။

အီရန်စစ်ပွဲအပြီး စွမ်းအင် တင်ပို့ရောင်းချမှုကို အရှိန်အဟုန်နဲ့ ပြန်လည် မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ ကာတာ အတွက်တော့ အခုဖြစ်ရပ်က ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာတာ အစိုးရက လက်ဆောင်ပေးထားတဲ့ ဇိမ်ခံလေယာဉ်ကြီးကို အမေရိကန် လွတ်လပ်ရေးနေ့မှာ သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် စတင် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်မှာ စစ်ဘက် ရဟတ်ယာဉ်တစ်စီး ပျက်ကျသွားလို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေကြောင်း ကာတာ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကာတာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး လောင်စာဓာတ်ငွေ့ သိုလှောင်ဇုန်ကြီးမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန် တိုက်လေယာဉ် နှစ်စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ကာတာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။