အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကာတာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး လောင်စာဓာတ်ငွေ့ သိုလှောင်ဇုန်ကြီးမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
မတ်လ ၁၉ ရက်နေ့မှာ ကာတာ အစိုးရပိုင် QatarEenergy စွမ်းအင် လုပ်ငန်းစုကြီးက နိုင်ငံမြောက်ပိုင်းမှာ ရှိနေတဲ့ ရက်စ်လာဖန် ဓာတ်ငွေ့ သိုလှောင်ဇုန်ဟာ အီရန်ဒရုန်းတွေ ထိမှန်လို့ အကြီးအကျယ် မီးလောင်ခဲ့ကြောင်းနဲ့ အဲဒီ မီးကို ငြှိမ်းသတ်ဖို့ အပူတပြင်း လုပ်ဆောင်ခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေး အရှိန်မြှင့် တိုက်ခိုက်မှုတွေကို ကြုံလာတဲ့နောက် အီရန်ဟာ ပင်လယ်ကွေ့ ဒေသထဲက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ကြုံးဝါးထားပါတယ်။
အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံမှာ အခြေစိုက်တဲ့ အမေရိကန် စစ်စခန်းတွေကိုသာ မကဘဲ အိမ်ရှင်နိုင်ငံတွေရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကိုပါ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကြောင့် စစ်မီးဟာ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို ကူးစက်လာနေခဲ့ပါတယ်။

Public Service Announcement
ဆော်ဒီအာရေးဘီးယား အစိုးရဟာ အာရပ်နဲ့ အစ္စလာမ် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို စုဝေးပြီး အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ကန့်သတ်နိုင်အောင် စည်းရုံးနိုင်ရေး ဆွေးနွေးနေချိန်မှာပဲ ကာတာရဲ့ ဓာတ်ငွေ့ သိုလှောင်ဇုန်ကြီးပါ ဒုံးကျည်တွေ ထိမှန်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ရက်စ်လာဖန်ကို အီရန်က ပြုလုပ်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်တဲ့ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေညာခဲ့ပြီး အဲဒီလုပ်ရပ်ဟာ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးအပေါ် တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း စွပ်စွဲခဲ့ပါတယ်။
နောက်ပြီး ကာတာမှာ ရှိနေတဲ့ အီရန်ရဲ့ စစ်သံမှူးတွေနဲ့ လုံခြုံရေးဆိုင်ရာ သံအရာရှိတွေအားလုံး ၂၄ နာရီအတွင်း ကာတာကနေ ထွက်ခွာသွားဖို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နှင်ထုတ်ခဲ့ပါတယ်။
ရက်စ်လာဖန်မှာ လောင်ကျွမ်းနေတဲ့ မီးတွေကို ကီလိုမီတာ ၃၀ လောက် အကွာကနေပါ လှမ်းမြင်နေခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကာတာရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပေမယ့် နောက်ထပ် ဒုံးကျည်တွေက ဓာတ်ငွေ့သိုလှောင်ရုံတွေကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်က အီရန်ရဲ့ ရေနံနဲ့ ဓာတ်ငွေ့ သိုလှောင်ရုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မကြာခင်မှာ ကာတာရဲ့ ဓာတ်ငွေ့သိုလှောင်ဇုန် တိုက်ခိုက် ခံခဲ့ရတာပါ။ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဆက်ပြီး တိုက်ခိုက် ခံနေရမယ်ဆိုရင် အကျိုးဆက်တွေက ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံ အားလုံးကိုပါ ပျံ့နှံ့ သက်ရောက်လာနိုင်ကြောင်း ခြိမ်းခြောက် သတိပေးထားခဲ့ပါတယ်။
ကိုးကား: AFP


















































